မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာသစ်၊ ရေး-ထားဝယ် ကားလမ်းပေါ်ရှိ ရေးတံတားကြီးတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ဒေသခံ ၅၀၀ ထက်မနည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံတို့ထံမှ သိရသည်။
အောက်တိုဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက ရေးတံတားကြီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ်ဖွဲ့၊ ABSDF တပ်ရင်း (၁) ပူးပေါင်း တပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန် ၂ နာရီခွဲကျော် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟုဆိုသည်။
နှစ်ဖက်တိုက်ပွဲအတွင်း ကျုံလောင်ရွာသစ်မှ အမျိုးသား ၁ ဦးသေဆုံးပြီး၊ ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ကျေးရွာခံတို့ထံမှ သိရသည်။
ယင်းပြင် တိုက်ပွဲကြောင့် ကျုံလောင်းရွာသစ်မှ ပြည်သူများ ၅၀၀ ထက်မနည်းလည်း ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု ကျုံလောင်းရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“အခုက ရွာကလူတွေ ထွက်ပြေးကုန်ပြီ။ ကျမရဲ့ကလေးတွေလည်း မြို့ပေါ် ပေးပြောင်းလိုက်ကုန်ပြီ။ ကျမတို့အိမ်ဆို ကျမပဲကျန်ခဲ့တာ၊ ကိုယ်က အလုပ်ရှိနေတော့လေ၊ တချို့ကတော့ မြို့ပေါ်ပြောင်းကြတယ်။ တချို့က ခြံထဲဝင်ကြတယ်။ တချို့က ဝယ်ဇင်ဘက် သွားကြတယ်ပေါ့” ဟု ၎င်းရွာခံအမျိုးသမီးက ပြောသည်။
လက်ရှိတွင် ကျုံလောင်းရွာသစ်ဘက် အခြေအနေငြိမ်သက်နေသော်လည်း တိုက်ပွဲထပ်ဖြစ်လာမည်ကို စိုးရိမ်နေကြဆဲ ဖြစ်သည်။
အခြားဒေသခံတစ်ဦးက “အဲဒီတိုက်ပွဲ ဖြစ်ပြီးကတည်းက ကိုယ်မှမဟုတ်ဘူး အကုန်လုံး ကြောက်လန့်နေကြတာ။ ထပ်ဖြစ်လာမှာစိုးလို့ ထွက်ပြေးကုန်ကြတာ။ ကိုယ်လည်း ထွက်ပြေးချင်ပေမယ့် ကိုယ့်အလုပ်က ဒီမှာဆိုတော့ ဆက်နေ နေရတယ်။ တစ်ခုခုဖြစ်ရင် ခြံထဲပြေးပေါ့။ မလုပ်လို့လည်း မရဘူးဆိုတော့လေ မတတ်နိုင်ဘူးပေါ့” ဟု ဆိုသည်။
ရေးတံတားကြီး တိုက်ပွဲတွင် စစ်ကောင်စီဘက်က ဗိုလ်ကြီး ၂ ဦး အပါအဝင် ၂၇ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းကလည်း ရေးမြို့နယ်၊ စံပြကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။
အလားတူ ဇွန်လအတွင်းက ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာအတွင်း စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေး (PDF) ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ထောင်နှင့်ချီသည့် နှစ်ကရင်ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြရသည်။
စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသတွင်းလှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေသည်။
IMNA ပေးပို့သည်။