တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ အုန်းပင်ကွင်းကျေးရွာအခြေစိုက် စစ်ကောင်စီ၏ မောရဝတီ ရေတပ်စခန်းဌာနချုပ်ကို ပထမဆုံးအကြိမ် ဒရုန်းနှင့်ဗုံးချ တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများ၏ ပြောဆိုချက်အရ သိရပါသည်။
ဒရုန်းဖျက်စနစ် အများအပြားတပ်ဆင်ထားသည့် မောရဝတီ ရေတပ်စခန်းဌာနချုပ်ကို ဒီဇင်ဘာ ၁၅ ရက်နေ့ နံနက် ၈ နာရီခန့်တွင် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တို့က ဒရုန်းဗုံး ၃ လုံး ချပြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း ဒရုန်းဗုံးများသည် မောရဝတီရေတပ်စခန်း ဌာနချုပ်ဝင်းအတွင်းရှိ အရာရှိနေအိမ်များ နှင့် ရုံးအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ၃ ဦး ထက်မနည်း ထိခိုက်သေဆုံးနိုင်ကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။
ရေတပ်စခန်းဌာနချုပ်အတွင်း ပေါက်ကွဲမှုများ ဖြစ်ပြီးနောက် စစ်ကောင်စီ၏ ရေတပ်စခန်းဌာနချုပ်ကနေ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များရှိနိုင်မည့် အနီးပတ်ဝန်းကျင် ကျေးရွာထဲသို့ လက်နက်ကြီး အချက် ၂၀ ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု တော်လှန်ရေးအင်အားစုများက ပြောသည်။
ရေတပ်စခန်းဌာနချုပ်ကနေ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များသည် အိန္ဒဲရာဇာကျေးရွာနှင့် ဆင်ကူးကျေးရွာ အနီးရှိ ဥယျာဉ်ခြံများ၊ ရော်ဘာခြံများထဲ ကျရောက်ပေါက်ကွဲခဲ့သော်လည်း လူထိခိုက် သေဆုံးဒဏ်ရာရခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။
တိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီရေတပ်စခန်းဌာနချုပ်က ကံပေါက်ဒေသ အဝင်အထွက် လမ်းအားလုံးကို ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီး ညနေပိုင်းမှသာ လမ်းများ ပြန်ဖွင့်ပေးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံ များထံမှ သိရသည်။
ရေဖြူ၊ ကံပေါက်ဒေသရှိ မောရဝတီရေတပ်စခန်းဌာနချုပ်သည် ဟိန်းဇဲရေယာဉ်စု ရေတပ်စခန်း ဖြစ်သလို လေ့ကျင့်ရေး သင်တန်းကျောင်း တစ်ခုလည်း ဖြစ်သည်။
သံလွင်တိုင်းမ် ပေးပို့သည်။