တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ရှိ စစ်ကောင်စီ၏ ရေဖြူတံတားဂိတ်နှင့် ဘုရားမဲစစ်ဆေးရေးဂိတ်တို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF က ဩဂုတ် ၅ ရက်နေ့ သတင်းထုတ်ပြန်မှုအရ သိရသည်။
အဆိုပါစစ်ဆေးရေးဂိတ် နှစ်ခုကို ပြီးခဲ့သည့် သြဂုတ် ၁ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဘုရားမဲဂိတ်ကို စနိုက်ပါနှင့် သွားရောက်တိုက်ခိုက်ခဲ့ပြီး ရေဖြူတံတားဂိတ်ကို လက်နက်ကြီး လက်နက်ငယ်များနှင့် အလစ်ငိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ထိုစစ်ဆေးရေးဂိတ်နှစ်ခု တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၃ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု တပ်တွင်းသတင်းအရင်းအမြစ်များ၏ ပြောဆိုချက်ကို ကိုးကားပြီး YPPDF ပြန်ကြားရေးတာဝန်ခံက ပြောပါသည်။
ယင်းတိုက်ခိုက်မှုတို့ကို YPPDF ၊ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA ၊ ကျားသစ်နက်၊ ဘီလုံး ပြောက်ကျားအဖွဲ့၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်သည့် သာဂရစစ်ကြောင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိူင် ၂၂ ရက်နေ့ကလည်း ရေဖြူမြို့ပေါ်တွင် စစ်ကားတစ်စီး တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတချို့ တော်လှန်ရေးတပ်ဖွဲ့များက သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။
သံလွင်တိုင်းမ် ပေးပို့သည်။