ရေဖြူတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံး

By MPM 22 ဧပြီ, 2025 👁

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မင်းသားကျေးရွာအနီး ဖြစ်ပွားခဲ့သည့် နှစ်ဖက်တပ်ကြားတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဗျူဟာ ၃၃ စစ်ဆင်ရေးမှူး စောဒါးကိုက ပြောဆိုသည်။

ပြီးခဲ့သည့် ဧပြီ ၂၀ ရက်နေ့က ရေဖြူမြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်လာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး အင်အားစုပူးပေါင်းတပ်တို့အကြား မင်းသားကျေးရွာအနီးတွင် နှစ်ဖက်တပ်ကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့သလို တော်လှန်ရေး အင်အားစုပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ရဲဘော် ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်ပွားနေချိန် မောရဝတီရေတပ်စခန်းဘက်ကနေ အင်အား ၁၅၀ လောက်နှင့် စစ်ကြောင်း ထပ်ထိုးလာတာကြောင့် မင်းသားကျေးရွာတဝိုက် နှစ်ဖက်တပ်ကြား စစ်ရေး ဆက်လက်တင်းမာနေသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မတ်လအတွင်း မင်းသားကျေးရွာက ပျူစောထီးတပ်စခန်းကို တော်လှန်ရေးတပ်တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားနှင့် ပျူစောထီးတို့ ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။