ရေဖြူတိုက်ပွဲမှာ စစ်ကောင်စီတပ်က ဗိုလ်မှူးတစ်ဦး သေဆုံး၊ လေးဦး အရှင်ဖမ်းမိ

By MPM 17 ဇူလိုင်, 2025 👁

ထိုင်း – မြန်မာနယ်စပ် တနင်္သာရီတိုင်း ရေဖြူမြို့နယ်ရှိ နတ်အိမ်တောင်စခန်းသို့ အင်အားဖြည့်တင်းဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ပိတ်ဆို့တိုက်ခိုက်ခံရတာကြောင့် ဗိုလ်မှူးတစ်ဦးအပါအဝင် လေးဦးထက်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဇူလိုင် ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

နတ်အိမ်တောင်စခန်းသို့ အင်အားဖြည့်တင်းဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အပါအဝင် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဇူလိုင် ၁၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ လေးရက်ကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဗိုလ်မှူးအောင်ဘိုဟိန်းအပါအဝင် စစ်ကောင်စီတပ်သား လေးဦးထက်မနည်း သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်သား လေးဦးကိုလည်း အရှင်ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

လေးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီထံကနေ သေနတ် ၉ လက်၊ RPG ၁ လက်၊ ၆၀ မမ ၁ လက်နဲ့ တခြား လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက မှတ်တမ်းဓာတ်ပုံနဲ့တကွ ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ခိုက်မှုကို ဒေါနစစ်ကြောင်း-၂၊ ဒေါနစစ်ကြောင်း-၃၊ KNLA တပ်မဟာ-၄ ပူးပေါင်းတပ်တွေ၊ တပ်မဟာ-၆ တပ်ရင်း ၂၇ ပူးပေါင်းတပ်တွေ NMSP (AD) R.M.A ၊ မွန်ပြည်‌တော်လှန်ရေးတပ် MSRF ၊ KTLA ၊ Nonentity Coach လေ့ကျင့်ရေးတပ်ဖွဲ့တို့ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ အသိပေးထားပါတယ်။

နတ်အိမ်တောင်နယ်စပ်စခန်းသို့ စစ်ကြောင်းထိုးလာတဲ့ တပ်ရင်းတွေဟာ စစ်ကောင်စီရဲ့ ကမ်းရိုးတန်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ – ၂၈၂၊ ခလရ – ၂၇၃၊ ခမရ – ၄၀၈၊ ခမရ – ၄၀၉၊ ခမရ – ၄၁၀ တပ်ရင်းတို့ဖြစ်တယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ်