တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ရေဖြူတံတားထိပ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည်ဟု ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရေဖြူတံတား စစ်ဆေးရေးဂိတ် အောက်တိုဘာလ ၁၁ ရက်နေ့၊ မွန်းလွဲ ၃ နာရီခွဲခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီက လက်နက်ကြီးဖြင့် တန်ပြန်ပစ်ခတ်တာကြောင့် ဒေသခံနေအိမ်နှစ်လုံး မီးလောင်သွား ခဲ့ကြောင်း သိရသည်။
DNLA တာဝန်ရှိသူက “ဂိတ်မှာ စစ်ကောင်စီတပ်သား အင်အားနည်းတဲ့အချိန်မှာ ဝင်တိုက်လိုက်တာပါ။ ပုံမှန်ချိန်ဆိုရင် ၂၀ ယောက်လောက်ရှိတာ။ အခုဝင်တိုက်တဲ့အချိန်မှာ လေး၊ ငါး၊ ခြောက်ယောက်လောက်ပဲရှိတယ်” ဟု ပြောသည်။
နှစ်ဖက်တိုက်ပွဲ တစ်နာရီခန့်ကြာ ဖြစ်ပွားခဲ့ပြီးနောက် စစ်ဆေးရေးဂိတ်အထဲထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ကြောင်း တိုက်ခိုက်ရာတွင် ပါဝင်သည့် တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါသည်။
တိုက်ပွဲအတွင်း ကျောက်ကညာကျေးရွာအခြေစိုက် စစ်ကောင်စီ၏ အမတ – ၃၀၄ တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး ရေဖြူအနောက်ကမ်းရှိ စမ်းရေတွင်းလမ်းမှ နေအိမ်နှစ်ဆောင် မီးလောင်ပျက်စီးခဲ့ကာ ရေဖြူအရှေ့ကမ်းတွင်လည်း နေအိမ်တစ်ဆောင် ကျည်စများ ထိမှန်ပျက်စီးခဲ့သည်ဟု ဆိုသည်။
ဂိတ်ထဲရှိနေသည့် စစ်ကောင်စီတပ်သား ၃ ဦးမှာ ကျည်ထိမှန်ဒဏ်ရာများဖြင့် ထွက်ပြေးသွားပြီး တစ်ဦးမှာ ဂိတ်နှင့် မလှမ်းမကမ်းနေရာတွင် လဲကျသေဆုံးသွားပြီး သေနတ်တစ်လက်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
တိုက်ခိုက်ခံရသည့် တံတားဂိတ်၌ စစ်ကောင်စီတပ်ဖွဲ့က နေ့စဥ်နေ့တိုင်း လမ်းသွားလမ်းလာ မော်တော်ယာဥ်နှင့် ဆိုင်ကယ်များဆီမှ ငွေကြေးတောင်းခံခြင်းများကို လုပ်ဆောင်နေခဲ့သည်ဟု မြို့ခံများက ပြောသည်။
ရေဖြူမြို့ပေါ် တိုက်ပွဲကြောင့် ရန်ကုန် – ထားဝယ်သို့ သွားလာနေကြသည့် ခရီးသည်တင်ကားများ ခမရ – ၄၀၆ တပ်ရင်း အရှေ့တွင် ၂ နာရီနီးပါးခန့် ပိတ်မိနေကြပြီး ညနေ ၆ နာရီ အချိန်ခန့်မှသာ ဖြတ်သန်းခွင့်ရရှိကြောင်း ယာဥ်မောင်းသမားတစ်ဦးက ပြောဆိုသည်။
NMG ပေးပို့သည်။