ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်တွင် စစ်ဘေးတိမ်းရှောင်နေသည့် ရခိုင် ၁၁ ဦးကို အာရက္ခတပ်တော် (AA) နှင့် ဆက်စပ်သည့်သံသဖြင့် စစ်ကောင်စီက ဖမ်းဆီးထားကြောင်း သိရသည်။
ရေကြည်မြို့နယ်၊ မြောက်စမ်းကျေးရွာတွင် စစ်ဘေးတိမ်းရှောင်နေကြသည့် ရခိုင် ၁၁ ဦးကို ဇွန်လ ၁၆ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံတို့က ပြောသည်။
ရေကြည်မြို့ဒေသခံတစ်ဦးက “မြောက်စမ်းမှာ စစ်ဘေးရှောင်နေတဲ့ ရခိုင်လူမျိုး ၁၁ ဦးကို AA သတင်းပေးတွေဆိုပြီး စစ်ကောင်စီအမြောက်တပ်က လာဖမ်းသွားတာရှိတယ်။ အဓိကတော့ မြောက်စမ်းက စစ်တပ်သတင်းပေးတွေက AA ကို သတင်းပေးနေတယ်လို့ တိုင်တန်းလိုက်တာကြောင့် ဖမ်းဆီးခံရတာလို့သိရတယ်” ဟု ပြောသည်။
ဖမ်းဆီးခံရသူများသည် ကျောက်ဖြူနှင့် ဂွမြို့နယ်က ဒေသခံများဖြစ်ပြီး အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၃ ဦး ပါဝင်သည်။
လက်ရှိတွင် ၎င်းတို့ ၁၁ ဦးကို မြောက်စမ်းအမြောက်တပ်ထဲမှာ ထိန်းသိမ်းထားကြောင်း သိရသည်။
မြောက်စမ်းရွာအခြေစိုက် စစ်ကောင်စီ၏ အမှတ် (၃၄၄) အမြောက်တပ်ရင်းကို AA နှင့် ပူးပေါင်းတပ်တို့က ဇွန်လ ဒုတိယအပတ်မှစ၍ ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
အမြောက်တပ် တိုက်ခိုက်ခံရချိန်မှစ၍ ဧရာဝတီရောက် ရခိုင်စစ်ဘေးရှောင်များကို စစ်ကောင်စီက သံသယဖြင့် ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်နေသဖြင့် လုံခြုံမှုမရှိဖြစ်နေရကြောင်း ရခိုင်စစ်ရှောင်များက ပြောသည်။
“ရေကြည်နဲ့ လေးမျက်နှာဖက်မှာ စစ်ကောင်စီက ရခိုင်စစ်ဘေးရှောင်တွေဆိုရင် အတော်လည်းကို မယုံသင်္ကာမျက်လုံးတွေနဲ့ကြည့်တာ ခံရတယ်။ တခုခုဆို့ ငါတို့ကို ဖမ်းဆီးမလားဆိုပြီး အကြောက်တရားတွေနဲ့ပဲ နေကြရတယ်” ဟု ရေကြည်မြို့နယ်တွင် စစ်ဘေးတိမ်းရှောင်နေသည့် ရခိုင်အမျိုးသမီးတစ်ဦးက ပြောသည်။
ရခိုင်ပြည်အတွင်း တိုက်ပွဲများကြောင့် ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲ၊ ဂွ စသည့်မြို့နယ်များမှ ဒေသခံထောင်နှင့်ချီသည် ဧရာဝတီတိုင်းဘက်သို့ စစ်ဘေးတိမ်းရှောင်လျက် ရှိကြသည်။
ဧရာဝတီရောက် ရခိုင်စစ်ဘေးရှောင်များကို စစ်ကောင်စီက မကြာခဏဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေသဖြင့် စားဝတ်နေရေး အခက်အခဲအပြင် လုံခြုံရေးပါ ခြိမ်းခြောက်ခံနေရကြောင်း ရခိုင်စစ်ရှောင်များက ပြောဆိုကြသည်။
အောင်ထိန် (DMG) ပေးပို့သည်။