ရိုဟင်ဂျာဒုက္ခသည်အရေး ဖြေရှင်းနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရသည် မြန်မာစစ်အုပ်စုအပြင် အာရက္ခတပ်တော် (AA) နှင့်လည်း ဆက်သွယ်ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဆိုင်ရာ ဒုတိယဝန်ကြီး Shama Obaed Islam က ပြောကြားသည်။
နိုဝင်ဘာလ ၈ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ရှိ CIRDAP ခန်းမတွင် ပြုလုပ်သည့် ဆွေးနွေးပွဲတစ်ခု၌ ၎င်းက ရိုဟင်ဂျာအရေး ဖြေရှင်းရန် အမျိုးသားအဆင့် မဟာဗျူဟာတစ်ရပ် ရေးဆွဲရေးအတွက် အစိုးရက ကော်မတီတစ်ရပ် ဖွဲ့စည်းထားကြောင်း ပြောသည်။
“ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး အမျိုးသားအဆင့် မဟာဗျူဟာတစ်ရပ် ရေးဆွဲဖို့ အစိုးရက ကော်မတီတစ်ရပ် ဖွဲ့စည်းထားပါတယ်။ ဒီကော်မတီရဲ့ အစီအစဉ်အရ မြန်မာအစိုးရနဲ့ ဆွေးနွေးနေသလို အာရက္ခတပ်တော်နဲ့ လည်း အဆက်အသွယ်ထူထောင်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်” ဟု ၎င်းက ပြောကြားကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် New Age သတင်းစာက ဖော်ပြသည်။
ယင်းပြောကြားချက်သည် ရိုဟင်ဂျာအရေးနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် AA အကြား ဆက်သွယ် ဆွေးနွေးမှုများ ရှိနေကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူတစ်ဦးက လူသိရှင်ကြား ထုတ်ဖော်ပြောကြား ခြင်းဖြစ်သည်။
အာရက္ခတပ်တော်သည် လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ဒေသများအပါအဝင် ရခိုင်ပြည်၏ နယ်မြေ အများစုကို ထိန်းချုပ်ထားသည်။
AA ၏ နယ်မြေထိန်းချုပ်မှု ကျယ်ပြန့်လာခြင်းကြောင့် မြန်မာနိုင်ငံအနောက်ပိုင်း၏ နိုင်ငံရေးနှင့် လုံခြုံရေး အခြေအနေများ သိသိသာသာ ပြောင်းလဲလာခဲ့ပြီး ရိုဟင်ဂျာဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးဆိုင်ရာ ဆွေးနွေးမှုများတွင် AA ၏ အခန်းကဏ္ဍမှာ ပိုမိုအရေးပါလာနေသည်။
Shama Obaed Islam က ရိုဟင်ဂျာအရေးသည် အခြေခံအားဖြင့် နိုင်ငံရေးပြဿနာတစ်ရပ်ဖြစ်ပြီး သမားရိုးကျ သံတမန်ရေးနည်းလမ်းများဖြင့်သာ ဒုက္ခသည်များ နေရပ်ပြန်ရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည် ဟု ယူဆခြင်းမှာ လက်တွေ့မကျကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေသည် အလွန်မတည်ငြိမ်ကြောင်း ၎င်းက ပြောဆိုပြီး ရိုဟင်ဂျာအရေးတွင် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အင်အားစုများအကြား သဘောတူညီမှုရရှိစေရန် နိုင်ငံတကာအသိုက်အဝန်းက ဖိအားပေးနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နိုင်ငံရေးပါတီအားလုံး ပူးပေါင်းဆောင်ရွက်သင့်ကြောင်း တိုက်တွန်းခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများ နေရပ်ပြန်လာခြင်းကို လက်မခံလိုသည့် သဘောထားတူညီမှု ရှိနေပြီး ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုခဲ့သည်။
ရိုဟင်ဂျာများသည် မိမိတို့၏ မွေးရပ်မြေသို့ ပြန်လည်နေထိုင်ခွင့်ရှိသူများဖြစ်ကြောင်း အသိအမှတ်ပြုလာစေ ရန် နိုင်ငံတကာအသိုက်အဝန်းအပေါ် ဖိအားပေးဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ၎င်းက ပြောသည်။
၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်၏ စစ်ဆင်ရေးများနှင့် အကြမ်းဖက်မှုများကြောင့် ရိုဟင်ဂျာ သိန်းနှင့်ချီ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ကြရသည်။ နောက်ပိုင်းတွင်လည်း နေရပ်စွန့်ခွာရမှုများနှင့် ဒေသတွင်း မတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပေါ်နေခြင်းကြောင့် ဒုက္ခသည်များ နေရပ်ပြန်ရေး ကြိုးပမ်းမှုများမှာ အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။
အဆိုပါဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည့် ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ၏ အကြံပေးဟောင်း ဗိုလ်မှူးချုပ် (အငြိမ်းစား) M Sakhawat Hossain ကလည်း ရိုဟင်ဂျာအရေးကို လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာတစ်ခု အဖြစ်သာ မရှုမြင်ဘဲ မဟာဗျူဟာမြောက် ချဉ်းကပ်ဖြေရှင်းရန် တိုက်တွန်းခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ရခိုင်ပြည်နှင့် ကုန်းမြေနယ်နိမိတ်ချင်း ထိစပ်နေသည့်အတွက် AA နှင့် တိုက်ရိုက် ဖြစ်စေ၊ ကြားခံအဖွဲ့အစည်းများမှတစ်ဆင့်ဖြစ်စေ ဆက်သွယ်ညှိနှိုင်းပြီး ဆက်ဆံရေးကောင်းများ ထိန်းသိမ်း ထားရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။
“ကျွန်တော်တို့အနေနဲ့ မဟာဗျူဟာကျကျ ဆောင်ရွက်ဖို့ လိုပါတယ်။ အနှေးနဲ့အမြန် ရခိုင်ဒေသဟာ ကွန်ဖက်ဒရေးရှင်းပုံစံ ဒါမှမဟုတ် အဲဒီလိုမျိုး နိုင်ငံရေးအုပ်ချုပ်မှုပုံစံတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အာရက္ခတပ်တော်နဲ့ ဆက်ဆံရေးကောင်းတွေ ထိန်းသိမ်းထားပြီး တိုက်ရိုက်ဖြစ်စေ၊ ကြားခံကနေဖြစ်စေ ဆွေးနွေးညှိနှိုင်းဖို့ လိုပါတယ်” ဟု ၎င်းက ပြောကြားသည်။
သို့သော် ရခိုင်ဒေသ၏ အနာဂတ်နိုင်ငံရေးအုပ်ချုပ်မှုပုံစံနှင့်ပတ်သက်သည့် ယင်းပြောကြားချက်မှာ Hossain ၏ နိုင်ငံရေးသုံးသပ်ချက်သာဖြစ်ပြီး အတည်ပြုထားသည့် နိုင်ငံရေးအပြောင်းအလဲတစ်ရပ် မဟုတ်သေးပေ။
ရိုဟင်ဂျာအရေး ဖြေရှင်းရာတွင် အိန္ဒိယနိုင်ငံက ဘင်္ဂလားဒေ့ရှ်ကို ကူညီမည်မဟုတ်ကြောင်းလည်း Hossain က သုံးသပ်ပြောကြားခဲ့သည်။
ထို့အပြင် တရုတ်နိုင်ငံနှင့် ဆက်စပ်သည့် အဆိုပြုစီးပွားရေးစင်္ကြံစီမံကိန်းတစ်ရပ်ကိုလည်း ထည့်သွင်းစဉ်းစား သင့်ပြီး ယင်းစီမံကိန်းသည် ရိုဟင်ဂျာများ နေရပ်ပြန်ရေး ညှိနှိုင်းဆောင်ရွက်ရာတွင် ဘင်္ဂလားဒေ့ရှ်အတွက် အားသာချက်တစ်ရပ် ဖြစ်လာနိုင်ကြောင်း ၎င်းက အကြံပြုခဲ့သည်။
ယခုဆွေးနွေးပြောကြားချက်များသည် မြန်မာစစ်တပ်က ရခိုင်ပြည်အတွင်း နယ်မြေထိန်းချုပ်မှုများ ဆုံးရှုံးလာနေချိန်တွင် ဒေသတွင်း သံတမန်ရေးဆိုင်ရာ ဆွေးနွေးမှုများ၌ AA ၏ အခန်းကဏ္ဍ ပိုမိုအရေးပါလာနေကြောင်း ဖော်ပြနေသည်။
သို့သော် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် AA အကြား တရားဝင်သဘောတူညီချက်တစ်ရပ်၊ ဒုက္ခသည်များ နေရပ်ပြန်ရေးအတွက် အချိန်ဇယား သို့မဟုတ် တိကျသော အကောင်အထည်ဖော်ရေးအစီအစဉ်တစ်ရပ်ကို ထုတ်ပြန်ကြေညာထားခြင်း မရှိသေးပေ။
ရိုဟင်ဂျာဒုက္ခသည်များ ရေရှည်တည်တံ့စွာ နေရပ်ပြန်နိုင်ရေးအတွက် ဘေးကင်းလုံခြုံမှု၊ မိမိဆန္ဒအလျောက် ပြန်လည်နေထိုင်ခွင့်၊ လူ့ဂုဏ်သိက္ခာနှင့် အခြေခံအခွင့်အရေးများကို အာမခံနိုင်ရန် လိုအပ်မည်ဖြစ်သည်။
ထို့အပြင် ရိုဟင်ဂျာအသိုက်အဝန်းများ၏ ပါဝင်ဆောင်ရွက်မှုနှင့် သက်ဆိုင်ရာ အာဏာပိုင်များအကြား ပူးပေါင်းဆောင်ရွက်မှုတို့လည်း အရေးပါမည်ဖြစ်သည်။
DMG