ရန်ကုန်-မော်လမြိုင် လမ်းမကြီးဘေးရှိ ကျေးရွာများကို စစ်ကောင်စီစစ်ကြောင်းထိုးလာ၍ ဒေသခံများတိမ်းရှောင်

By MPM 13 မေ, 2025 👁

ကရင်အမျိုးသားအစည်းအရုံး – KNU ထိန်းချုပ်နယ်မြေ၊ တပ်မဟာ (၁)၊ သထုံခရိုင်နယ်မြေ ရန်ကုန်-မော်လမြိုင် ကားလမ်းမကြီးနံဘေးရှိ ကျေးရွာများကို ယခုရက်ပိုင်း စစ်ကောင်စီစစ်ကြောင်းထိုးခြင်း၊ လက်နက်ကြီးများ ပစ်ခတ်နေ၍ ဒေသခံများရှောင်တိမ်းနေရကြောင်း KNU ထံမှ သိရသည်။

ကျိုက်ထိုမြို့နယ် ခရွဲကျေးရွာအုပ်စု၊ ဝင်းကံကျေးရွာအုပ်စုနှင့် ဘီးလင်းမြို့နယ် အလူးကျေးရွာအုပ်စုဘက်တွင် ပြီးခဲ့သည့် ဧပြီလတစ်လလုံး စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ပစ်ခတ်မှုများ လုပ်ဆောင်ရုံသာမက ယခုရက်ပိုင်းတွင်လည်း အင်အားအများအပြားသုံးကာ စစ်ကြောင်းလှည့်လည်လာသဖြင့် ဒေသခံများ ရှောင်တိမ်းကြရခြင်းဖြစ်သည်ဟု KNU သထုံခရိုင် ဥက္ကဌက ပြောသည်။

“စစ်တပ်က နေ့တိုင်း လက်နက်ကြီးပစ်တယ်။ မြို့နဲ့နီးတဲ့သူအချို့ကတော့ မြို့ထဲ ပြေးကြတယ်။ အချို့က တောတောင် နီးစပ်ရာတွေမှာ ပြေးကြတာပေါ့။ ဝင်းကံနဲ့ ခရွဲအုပ်စုတွေကတော့ အားလုံးနီးပါးထွက်ပြေးကြတယ်။ အလူးကျေးရွာအုပ်စုကတော့ တချို့တလေ မပြေးဘဲ အိမ်စောင့်နေတာ ရှိသေးတယ်” ဟု KNU ခရိုင်ဥက္ကဌက ပြောသည်။

စစ်ကောင်စီ၏ထောက်ပို့လမ်းကြောင်းလည်းဖြစ်သည့် ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်တွင် စစ်ကောင်စီက စစ်ကြောင်းလှည့်လည်ခြင်း၊ ကင်းပုန်းဝပ်ခြင်းအပြင် မော်တော်ယာဥ်များအသုံးပြု ဖြတ်သန်းသွားလာမှုတို့ မကြာခဏ ပြုလုပ်သဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားလေ့ရှိသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း အလူးလေးကျေးရွာအုပ်စုကိုဖြတ်ကာ ကားလမ်းမကြီးနံဘေး ကင်းပုန်းဝပ်ရန် အင်အား ၈၀-၁၀၀ ကြား စစ်ကောင်စီစစ်ကြောင်းက တစ်ရက်ခြားတခါ ဝင်ရောက်လာသည့်အတွက် သတိဖြင့် သွားလာလှုပ်ရှားနေရသည်ဟု စစ်ကောင်စီအုပ်စုကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသူ ဒေသခံတစ်ဦးက ပြောပါသည်။

“ဒီနေ့ပဲလာနေတာ။ ကင်းပုန်းဝပ်ပေါ့။ လမ်းဘေးပေါ့ တနေကုန်ပဲ။ ဒါကအမြန်လမ်းဆိုတော့ ဒီလမ်းပဲရှိတာကိုး။ တရက်ခြား တခါလောက်လာတယ်။ ဒီနေ့လာပြီးမနက်ဖြန်မလာတော့ဘူး သူလာတာပုံမှန်ပဲ။ တို့တွေလည်း သွားလာနေတာပဲ အသံဗလံကြားရင်တော့ ဂရုစိုက်ပြီးနေရတာပေါ့။ တို့တွေလည်း ရိုးနေပါပြီ။ စီးပွားရေးလည်း ဒီလိုပဲ အခြေအနေကြည့်ပြီးလုပ်ကိုင်နေရတာပဲ” ဟု အဆိုပါဒေသခံက ပြောသည်။

လတ်တလောရှောင်တိမ်းနေရသည့် ကျေးရွာအုပ်စုသုံးခုပေါင်းမှ စစ်ရှောင်စာရင်းကို ဆက်လက်မေးမြန်းနေဆဲ ဖြစ်သည်။

ကရင်ပြည်တွင်း ဌာနေစွန့်ခွာရသူများဆိုင်ရာကော်မတီ – CIDKP ၏ စာရင်းများအရ စစ်အာဏာသိမ်းမှုဖြစ်ပွားချိန်မှ ယခု ၂၀၂၅ ခုနှစ် မတ်လကုန်အထိ သထုံခရိုင်တွင် IDP ဦးရေ ၁ သိန်း ၄ သောင်းကျော်ထိ ရှိလာနေသည်။

ပြီးခဲ့သည့် ဧပြီလပိုင်းတွင်လည်း သထုံခရိုင်အတွင်း တိုက်ပွဲဖြစ်ပွားမှု မရှိသည့်တိုင် စစ်ကောင်စီက ဒေသခံလူထု နေထိုင်သည့်ကျေးရွာများကို လက်နက်ကြီးနှင့်ပစ်ခတ်မှု သိသိသာသာလုပ်ဆောင်နေကြောင်း KNU -တပ်မဟာ (၁) ၏ စာရင်းများအရ သိရသည်။

KIC ပေးပို့သည်။