ရခိုင်အမျိုးသမီးများ အလုပ်အကိုင်နှင့် ပညာရေးအခွင့်အလမ်းများ ဆုံးရှုံးနေကြရ

By MPM 10 အောက်တိုဘာ, 2025 👁

စစ်ရေးပဋိပက္ခဖြစ်ပွားနေသည့် ရခိုင်ပြည်တွင် အမျိုးသမီးများမှာ အမျိုးသားများထက် အလုပ်အကိုင်အခွင့်အလမ်းရရှိမှု၊ ပညာသင်ကြားခွင့်နှင့် အခြားသက်မွေးဝမ်းကျောင်းသင်တန်းများ တက်ရောက်သင်ယူခွင့်များပင် ဆုံးရှုံးနေကြောင်း UNDP အစီရင်ခံစာကနေ သိရသည်။

နိုင်ငံတဝန်းတွင် အလုပ်အကိုင်၊ ပညာရေးနှင့် အသက်မွေးဝမ်းကြောင်း သင်တန်းစသည့် အခွင့်အရေးများ ဆုံးရှုံးနေသည့် အမျိုးသမီး ၂၅ ရာခိုင်နှုန်း အထိရှိကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP)၏ အောက်တိုဘာ ၉ ရက် အစီရင်ခံစာတွင် ဖော်ပြသည်။

ယင်းအထဲတွင် ကကားပြည်တွင် ၄၂ ရာခိုင်နှုန်းနှင့် အမြင့်ဆုံးဖြစ်ပြီး ရခိုင်ပြည်တွင် ၃၂ ရာခိုင်နှုန်းနှင့် ဒုတိယအများဆုံးဖြစ်ကြောင်း UNDP က ဖော်ပြသည်။

“ တိုက်ပွဲ မဖြစ်ခင်ကဆိုရင် တက္ကသိုလ်တက်ပြီး ကျောင်းပိတ်ရင် ရန်ကုန်ကိုသွား အလုပ်လုပ်တယ်။ အခု တိုက်ပွဲဖြစ်တော့ ပညာရေးကလည်း တစ်ပိုင်းတစနဲ့ အလုပ်သွားလုပ်ဖို့ကလည်း လမ်းတွေပိတ်တာတွေနဲ့ သွားခွင့်မရတော့ဘူး။ အလုပ်ခေါ်ရင်လည်း ကျားဝန်ထမ်းတွေကို ခေါ်ကြတာတွေချည်းပဲ။ အခုက ဝင်ငွေ လုံးဝ မရှိဘူး။ တကိုယ်စာ အသုံးစရိတ်လောက်ဖြစ်ဖြစ် ရှာနိုင်ဖို့အတွက် အလုပ်လုပ်ချင်တယ်” ဟု ဘူးသီးတောင်မြို့နယ်မှ အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

UNDP ၏ အစီရင်ခံစာအရ အလုပ်လက်မဲ့ဖြစ်နေသည့် မြန်မာလူငယ် ၄ သန်းနီးပါးရှိပြီး ကယားပြည်နယ်တွင် ၅၀ ရာခိုင်နှုန်းကျော်နှင့် ရခိုင်ပြည်တွင် ၄၀ ရာခိုင်နှုန်းကျော် အထိရှိကြောင်း ဖော်ပြသည်။

ရခိုင်ဒေသသည် မြန်မာနိုင်ငံတွင် ယခင်ကတည်းက အလုပ်အကိုင်အခွင့်အလမ်းရှားပါးသည့် နေရာဖြစ်ပြီး မြို့သိမ်းတိုက်ပွဲများ စတင်ချိန်မှ စပြီး ယခုကာလများတွင် အမျိုးသမီးများအတွက် ပို၍ အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးစေကြောင်း ပြောဆိုကြသည်။

ယင်းအပြင် လက်ရှိ ခေတ်ကာလအခြေအနေအရ အမျိုးသမီးများမှာ တန်းတူမညီမျှမှုများကြား အလုပ်အကိုင်အခွင့်အလမ်းရရှိမှုပိုင်းတွင် ဖယ်ကျဉ်ခံနေရကြောင်း အမျိုးသမီးများက ဆိုသည်။

ကျောက်တော်မြို့နယ်က စစ်ဘေးရှောင် မဆန်းနွယ်က “ အလုပ်သွားလုပ်ရင် အမျိုးသားတွေက ပိုပြီး နေရာရကြတယ်။ အမျိုးသမီးတွေကို အလုပ်မပေးချင်ကြဘူး။ ကုန်ထမ်းဖို့ဆိုရင် အလုပ်ခိုင်းတဲ့သူကလည်း အမျိုးသမီးကို မငှားဘူး။ အမျိုးသားတွေကိုပဲ ရှာခိုင်းတယ်။ အကုန်လုံး အလုပ်မရှိကြတဲ့အထဲ ဒီလိုမျိုး ခွဲခြားဆက်ဆံခံရတော့ အမျိုးသမီးတွေအတွက် အခွင့်အလမ်းတွေ အရမ်းနည်းစေတယ်” ဟု ဆိုသည်။

ပဋိပက္ခကြောင့် ဒေသခံများနည်းတူ စစ်ဘေးရှောင်များမှာလည်း စားဝတ်နေရေး စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေကြရပြီး အထူးသဖြင့် စစ်ဘေးရှောင်အမျိုးသမီးများမှာ အလုပ်အကိုင်အခွင့်အလမ်းမရှိသဖြင့် ဘက်ပေါင်းစုံမှ အခက်အခဲများကို ရင်ဆိုင်နေကြရသည်။ ထို့အတူ UNDP အစီရင်ခံစာကလည်း အမျိုးသမီးငယ်များသည် အမျိုးသားများထက် အလုပ်အကိုင်ဈေးကွက်မှ နှစ်ဆကျော်နှုန်းဖြင့် ဖယ်ကျဉ်ခံနေရကြောင်း ဆိုသည်။

ထို့အတူ ပျမ်းမျှအားဖြင့် အမျိုးသမီးငယ်များသည် အမျိုးသားများထက် ၂၂ ရာခိုင်နှုန်း လျှော့နည်းသည့် ဝင်ငွေသာရရှိသဖြင့် အခက်အခဲများ ပိုမိုရင်ဆိုင်နေကြရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းကြောင့် အသက်မွေးဝမ်းကျောင်းသင်တန်းများကို ဒေသအလိုက် အမြန်ဆုံးလုပ်ဆောင်ပေးရန် လိုအပ်ကြောင်းလည်း UNDP က တိုက်တွန်းထားသည်။

ရခိုင်လူငယ် အမျိုးသားတစ်ဦးက “ ဒေသတွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းမရှိဘူး။ ရှိတဲ့ အလုပ်တွေကလည်း အမျိုးသားတွေကို ဦးစားပေးခေါ်ယူတာတွေကို အများဆုံးတွေ့ရတယ်။ ပြောရရင် အလုပ်တစ်ခုမှာ အမျိုးသမီး ပါဝင်နှုန်းကို ၂၅ ရခိုင်နှုန်းလောက်ပဲထားတာ တွေ့ရတယ်။ အမျိုးသမီးတွေကို အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေးပေးဖို့ လိုအပ်တယ်။ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးတာတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့လိုတယ်” ဟု ပြောသည်။

အလုပ်အကိုင်ရှားပါးပြီး အလုပ်လက်မဲ့နှုန်း သိသိသာသာမြင့်တက်နေသည့် ရခိုင်ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရန်နှင့် သက်မွေးဝမ်းကျောင်းပညာရပ်များ ပို့ချသင်ကြားပေးပြီး ဈေးကွက်များ ဖန်တီးပေးရန် အမျိုးသမီးများ လိုလားနေကြသည်။

အခြားတစ်ဖက်တွင်လည်း ရခိုင်ပြည်သည် စစ်ရေးပဋိပက္ခကြားတွင် ရှိနေသေးသဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရန် ခက်ခဲနေဦးမည်ဖြစ်ကြောင်းလည်း ပြောဆိုနေကြသည်။

DMG