ရခိုင်ပြည်နယ်နှင့် ထိစပ်နေသော ဧရာဝတီတိုင်းပင်လယ်ပြင်အတွင်း ရေယာဉ်များ၊ လှေနှင့် စက်လှေများ သွားလာမှုကို စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ပိတ်ထားကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီက ပြီးခဲ့သည့်ဖေဖော်ဝါရီ ၂၅ ရက်နေ့ က စတင်ပြီး ဧရာဝတီတိုင်း ပင်လယ်ကမ်းရိုးတန်းတလျှောက် စစ်ရေးလေ့ကျင့်မှု ရှိသည်ဟုဆိုကာ ဒေသန္တရအမိန့်ထုတ်ပြီး ပင်လယ်ပြင်အတွင်း သွားလာမှုကို ပိတ်ပင်ထား သောကြောင့် ဒေသခံအများစုက အခက်အခဲတွေ့နေကြောင်း ပြောဆိုသည်။
ငရုတ်ကောင်းကမ်းခြေမြို့ခံ လုပ်ငန်းရှင်တစ်ဦးက “ပင်လယ် မထွက်ရဘူး တားထားတာ ၄ ရက် ရှိနေပြီ။ တနေ့လုပ်တနေ့စား အလုပ်သမားတွေအတွက် နေ့စဉ်ဝမ်းရေးအတွက် အခက်အခဲ ရှိသလို ပင်လယ်ပြင် ငါးဖမ်း ရာသီချိန်မှာ ရက်အကန့်အသတ်မရှိ ပိတ်တယ်ဆိုတော့ လုပ်ငန်းရှင်တွေလည်း နစ်နာတယ်” ဟု ပြောသည်။
ဒေသခံအများစုမှာ ပင်လယ်ပြင်ကို အမှီပြု၍ ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းများဖြင့် ဝမ်းစာရှာဖွေရသူများ နှင့် ပင်လယ်ရေကြောင်းလမ်းကို အသုံးပြု၍ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများကို လုပ်ကိုင်ကြ သူများ ဖြစ်ကြသည်။
ဧရာဝတီတိုင်း ပင်လယ်ကမ်းရိုးတန်း ဒေသများဖြစ်သည့် သာပေါင်း၊ ရွှေသောင်ယံ၊ ချောင်းသာ၊ ငွေဆောင်၊ ငပု တော၊ ငရုတ်ကောင်း၊ မော်တင်၊ ဟိုင်းကြီးကျွန်း၊ လပွတ္တာ၊ ဒေးဒရဲ၊ ဖျာပုံ၊ အမာ စသော ဒေသများတွင် ယခု အချိန်ကာလတွင် ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ကြသည့် အချိန်လည်း ဖြစ်သည်။
စစ်ကောင်စီ၏ ရွှေသောင်ယံမြို့ အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက “လက်နက်ကြီးတွေ စမ်းသပ်ပစ်ခတ်ဖို့ ရှိနေလို့ အန္တရာယ် မရှိအောင် အထက်က ပိတ်ခိုင်းထားတယ်။ ဘယ်နေ့ ဘယ်အချိန် ပစ်မလဲဆိုတာ မသိဘူး။ တားထား တဲ့ထဲက ထွက်ကြလို့ ထိခိုက်ရင် ထွက်သူအပြစ်ပဲ” ဟု ပြောသည်။
ယခုကဲ့သို့ ပိတ်ပင်ခဲ့ပြီးနောက်ပိုင်း ဧရာဝတီတိုင်းအနီး ပင်လယ်ပြင်ရှိ ဟိုင်းကြီးကျွန်းမြို့ ပတ်ဝန်းကျင်တွင် ဖေဖေါ်ဝါရီ ၂၆ ရက်နေ့က အမြောက်ပစ်ခတ်သံများ ကြားရသည်ဟု ဒေသခံများထံက သိရသည်။
သို့သော် ပင်လယ်ပြင် သွားလာခွင့်ပိတ်ထားသည့် ဧရာဝတီတိုင်း အခြားပင်လယ်ကမ်းရိုးတန်း ဒေသများတွင်မူ ပစ်ခတ်မှုများ မရှိကြောင်း ပင်လယ်ကမ်းရိုးတန်းအနီး နေထိုင်သူတချို့က ပြောသည်။
စစ်ကောင်စီတပ်များ ပင်လယ်ပြင်၌ စစ်ရေးလေ့ကျင့်မှုနှင့် ပတ်သက်၍ ဧရာဝတီတိုင်း ကမ်းရိုးတန်း တလျှောက်ရှိ အမြောက်စခန်းများက စမ်းသပ်ပစ်ခတ်ခြင်း၊ ကြည်းရေလေ ပူးပေါင်းစစ်ဆင်ရေး ကမ်းတက် တိုက်ပွဲအတွက် လေ့ကျင့်ခြင်း၊ ဟိုင်းကြီးကျွန်းရှိ ပမ္မဝတီ ရေတပ်စခန်းဌာနချုပ်ရှိ စစ်သင်္ဘောများ စမ်းသပ် ပစ်ခတ်ခြင်းများ လုပ်ဆောင်နိုင်သည်ဟု ရေတပ် တပ်ကြပ်ကြီးဟောင်းတစ်ဦးက ပြောသည်။
ထို့အပြင် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ၌ အထိနာနေသော စစ်ကောင်စီအနေဖြင့် ရခိုင်ပြည်နယ်အား ရေလမ်း၊ ကုန်းလမ်း၊ လေကြောင်းလမ်းများပါ ပိတ်ပင်ထားပြီး ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့ ထိစပ် နေသော ရေကြောင်း၊ ကုန်းကြောင်းကိုပါ ပိတ်ဆို့ပြီး နယ်မြေစိုးမိုးမှု လုပ်နေခြင်းဖြစ်သည်ဟု နိုင်ငံရေး၊စစ်ရေး အတွေ့ အကြုံရှိသူ အသက် ၇၀ ခန့်အရွယ် ဗိုလ်ကြီးဟောင်းကြည်ဝင်းက ပြောဆိုသည်။
စစ်ကောင်စီသည် ဧရာဝတီတိုင်း ကမ်းရိုးတန်းတလျှောက် စိုးမိုးနိုင်ရေးအတွက် ရွှေသောင်ယံ၊ ထိတ်စွန်း၊ အုန်းကျွန်း၊ လိပ်ကျွန်း နှင့် ဟိုင်းကြီးကျွန်း တို့တွင် အမြောက်တပ်များ ထားရှိသည့်အပြင် ကမ်းရီုးတန်းဒေသ စိုးမိုးရေးအတွက် ခလရ ၂၇၁ နှင့် အခြားခြေလျှင်တပ်ဖွဲ့များ စုဖွဲ့ထားပြီး ဧရာဝတီတိုင်း ပင်လယ်ပြင် စိုးမိုးရေး အတွက် ပမ္မဝတီ ရေတပ်စခန်း ဌာနချုပ်၊ ပုသိမ်ရေတပ် ရေယာဉ်စုတပ်ဖွဲ့ နှင့် ကဒုံကနိ ရေတပ်ရေယာဉ်စု တပ်ဖွဲ့များ ထားရှိသည်။
ဧရာဝတီတိုင်း ပင်လယ်ကမ်းရိုးတန်းဒေသသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ရေလမ်းနယ်နိမိတ် ဆက်စပ်နေပြီး ရက္ခိုင့်တပ်တော် AA ထိုးစစ်ကြောင့် စစ်ကောင်စီ၏ စိုးမိုးနယ်မြေ အများအပြား လက်လွှတ်နေရသည့် ရခိုင် ပြည်နယ်နှင့်လည်း ရေလမ်း၊ ကုန်းလမ်း တဆက်စပ်တည်း ရှိနေပါသည်။
NMG ပေးပို့သည်။