အာရက္ခတပ်တော် (ULA/AA) ထိန်းချုပ်ရာနယ်မြေများတွင် မျိုးနွယ်စုဝင်များ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေးစသည့် အခန်းကဏ္ဍများကို အာရက္ခပြည်သူ့ အစိုးရအနေဖြင့် မြှင့်တင်ပေးရန်လိုအပ်နေကြောင်း ပြောဆိုကြသည်။
ရခိုင်ဒေသတွင် ရခိုင်အပါအဝင် မြို၊ သက်၊ ခမီ၊ ကမန်၊ မရမာကြီး၊ ဒိုင်းနက် (သက္ကမ)၊ ချင်း၊ မွတ်ဆလင် စသည့် စုံလင်ကွဲပြားသူများ ယဉ်တွဲနေထိုင်လျက်ရှိကြသည်။
လက်ရှိ ရခိုင်ပြည် ပြန်လည်ထူထောင်ရေး ကဏ္ဍများတွင် လူမျိုးစုများ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများရှိနေသော်လည်း ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွင် အားနည်းချက်များရှိနေသေးသည်ဟု မျိုးနွယ်စုဝင်များက ပြောသည်။
အသက် ၃၇ နှစ်အရွယ် မြိုအမျိုးသားတစ်ဦးက “ကျနော်တို့လူမျိုးတွေမှာ အဓိက လိုအပ်ချက်ကလည်း ပညာရေးပဲ။ အားနည်းချက်ကလည်း ပညာရေးပါပဲ။ ကျနော်တို့ မြိုလူမျိုးတွေက ပညာရေးလည်း သိပ်မလိုက်စားကြဘူး။ ပြီးရင် ရွာမှာ စာလာသင်တဲ့ ဆရာ/မကလည်း အလုံအလောက် မရှိဘူး။ ကျနော်တို့ လူမျိုးတွေက ပညာမတတ်တဲ့အတွက် အသိပညာ အတွေးအခေါ်လည်းမရှိဘူး။ ဒါကြောင့် မြို့လူမျိုးတွေအတွက် ပညာရေးပိုင်းကဏ္ဍမှာ အာရက္ခပြည်သူ့အစိုးရအနေနဲ့ အများကြီးပံ့ပိုးပေးစေချင်ပါတယ်” ဟု ပြောသည်။
မြိုလူမျိုးများမှာ ရခိုင်ဒေသတွင် တောတောင်ကို အမှီပြုပြီး ဝေလံခေါင်သီသော နေရာများတွင် နေထိုင်သူများပြားသဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း ဦးစားပေးဆောင်ရွက်သင့်ကြောင်း ပြောဆိုကြသည်။
ထို့အတူ ရခိုင်ဒေသအတွင်းနေ မျိုးနွယ်စုများမှာ ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးထမ်းများရှိကြပြီး ထိုသို့ လူမျိုးတစ်မျိုး၏ ဓလေ့ရိုးရာ ပွဲလင်းသဘင်များ ကျင်းပပေးခြင်းနှင့် လူငယ်အခန်း ကဏ္ဍများကိုပါ မြှင့်တင်သင့်ကြောင်းလည်း ခမီလူမျိုးများက ဆိုကြသည်။
“အာရက္ခပြည်သူ့ အစိုးရအနေနဲ့ လူမျိုးရေးပြဿနာတွေမရှိစေဖို့ မျိုးနွယ်စုဝင်တွေရဲ့ ရိုးရာတွေကို အာရက္ခနိုင်ငံရုပ်လုံး ဖော်ရာမှာ ပါဝင်စေချင်ပါတယ်။ ပြီးတော့ လူငယ်တွေ အရည်အချင်း ရှိလာအောင် ကမ္ဘာ့အသိုင်းအဝန်းနဲ့ လိုက်လျောညီတဲ့ ပညာရပ်တွေကိုသင်ပေးဖို့လိုအပ်တဲ့အပြင် သူတို့ရဲ့ စာပေယဉ်ကျေးမှုကိုလည်း ဖော်ဆောင်ပေးဖို့လိုအပ်တယ်” ဟု ခမီ အမျိုးသားတစ်ဉီးက ပြောသည်။
ရခိုင်ပြည် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များသည် လက်ရှိတွင် မျိုးနွယ်စုများကို စွမ်းရည်မြှင့်တင်ရေးသင်တန်းများ ပို့ချပေးလျက်ရှိပြီး အာရက္ခပြည်သူ့အစိုးရ၏ ကျန်းမာရေး၊ တရားစီရင်ရေးစသည့် ကဏ္ဍများတွင် မျိုးနွယ်စုများ အခွင့်အလမ်းများရရှိလာစေရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
အာရက္ခပြည်ပြန်လည်ထူထောင်ရာတွင် တစ်ဦးတစ်ယောက်တည်းလုပ်ဆောင်ခြင်းထက် မျိုးနွယ်စုများ စုပေါင်းပြီး အတူတကွ ပူးပေါင်းဆောင်ရွက်မှ ပိုပြီးကောင်းမွန်သော ရခိုင်ပြည်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ကျောင်းသားသမဂ္ဂမှ ထောက်ပြသည်။
“မျိုးနွယ်စုအများစုက လက်ရှိ ရခိုင်အစိုးရကို သိပ်အယုံအကြည်မရှိကြဘူး။ စစ်ကောင်စီလက်ထက်မှာ မျိုးနွယ်စုတွေကို ဖိနှိပ်ထားတာကြောင့် လက်ရှိအစိုးရကို သိပ်အယုံအကြည် မရှိကြဘူး။ ဒါကြောင့် သူတို့ရဲ့ လိုအပ်ချက်တွေကို အာရက္ခပြည်သူ့အစိုးရအနေနဲ့ ဖြည့်ဆည်းပေးဖို့ လိုအပ်ပါတယ်။ ဒါမှလည်း မျိုးနွယ်စုတွေရဲ့ ပူးပေါင်းပါဝင်မှု အားကောင်းလာမှာ ဖြစ်ပါတယ်” ဟု ရခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ရခိုင်ပြည် နယ်မြေအများစုကို သိမ်းပိုက်ထားသော အာရက္ခတပ်တော်သည် ထိန်းချုပ်ဒေသများတွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ ဒေသဖွံ့ဖြိုးရေးစသည့် အုပ်ချုပ်ရေးယန္တရားများဖြင့် တည်ရေးလုပ်ငန်းများကို အရှိန်မြှင့်နေသည်။
တပြိုင်နက်တည်းတွင် ရခိုင်ပြည်အတွင်းက ရခိုင်အပါအဝင် မြို၊ သက်၊ ခမီ၊ ဒိုင်းနက် (သက္ကမ)၊ မရာမာ၊ ကမန်၊ ချင်းနှင့် မွတ်ဆလင် စသည့် စုံလင်ကွဲပြားသည့် လူမျိုးတိုင်းအားလုံး လက်တွဲခေါ် ဆောင်ကာ ရခိုင်ပြည် ပြန်လည်ထူထောင်ရေးများ ဆောက်ရွက်နေသည်ကိုလည်းတွေ့ရသည်။
အနာဂတ် ရခိုင်ပြည်တည်ဆောက်ရေးမှာ ယခုထက်ပို အတူတကွပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် ယုံကြည်မှုများတည်ဆောက်ကာ လူမျိုးစုတို့၏ အသံကိုအလေးပေးနားထောင်သင့်သည် ဟု ULA/AA ၏ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသူ ဒိုင်းနက် (သက္ကမ) အမျိုးသားတစ်ဦးက ပြောသည်။
“လူအများစုက ကိုယ့်ကပဲ တခြားလူတွေဆီက ယုံကြည်မှုတွေကို အရင်လိုချင်ကြတယ်။ ကိုယ်က အရင်ဆုံး အဲဒီလူတွေကို ယုံကြည်မှုပေးဖို့ မေ့နေကြတယ်။ ဒါကြောင့် ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်ဖို့ ကိုယ်က တခြားလူတွေကို ယုံကြည်မှု အရင်ပေးဖို့လိုတယ်။ ဒါကြောင့် Minority Groups တွေရဲ့ ယုံကြည်မှုတွေကို အရင်ရယူဖို့လိုတယ်။ လူဆိုတာက ကိုယ်ယုံကြည်တဲ့ လူကိုမှ ရင်ဖွင့်ကြတယ်” ဟု ၎င်းက ပြောသည်။
ယင်းကြောင့် အာရက္ခပြည်သူ့အစိုးရအနေဖြင့် မြေပြင်ကွင်းဆင်းပြီး မျိုးနွယ်စုများလက်ရှိ ကြုံတွေ့ နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုများကို အကောင်အထည်ဖော်လုပ်ဆောင်သင့်ကြောင်းလည်း (DLEPS) တပ်ဖွဲ့ဝင် ဒိုင်းနက် (သက္ကမ) အမျိုးသားက ဆက်၍ပြောသည်။
လက်ရှိ အာရက္ခပြည်သူ့အစိုးရအနေဖြင့် မျိုးနွယ်စုများ၏ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာ ရေးစသည့် အခန်းကဏ္ဍများကို ပိုမိုမြှင့်တင်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များတွင်လည်း အားလုံးလက်တွဲခေါ်ယူမှသာ လှပသောအနာဂတ်ကို ဖန်တီးနိုင်မည်ဟု မျိုးနွယ်စုများက ပြောဆိုနေကြသည်။
DMG