ရခိုင်ဒုက္ခသည်များ တစ်ဖက်တစ်လမ်းက အကူညီရရှိရေး မဲဆောက်တွင် ဓာတ်ပုံပြပွဲ ပြုလုပ်

By MPM 15 စက်တင်ဘာ, 2026 👁 33

ရခိုင်ပြည်တွင်းက စစ်ဘေးသင့်ပြည်သူများ၏ လက်ရှိဘဝ အခြေအနေ၊ ရုန်းကန်နေရမှုများကို နိုင်ငံတကာက သိရှိစေရန် ရည်ရွယ်ချက်ဖြင့် “ တိတ်ဆိတ်သော သတင်းစကား (Silent Message) ဟု အမည်ပေးထားသည့် ဓာတ်ပုံပြပွဲတစ်ခုကို ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ပြုလုပ်နေကြောင်း သိရသည်။

အဆိုပါ ဓာတ်ပုံပြပွဲကို မဲဆောက်မြို့ရှိ Wattana Village Resort တွင် ယနေ့ (စက်တင်ဘာ ၁၄)၊ နံနက် ၁၀ နာရီ၌ ရခိုင်စည်တော်တီးကာ စတင်ဖွင့်လှစ်ခဲ့ပြီး ညနေ ၅ နာရီအထိ ဓာတ်ပုံများကို ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။

“ရည်ရွယ်ချက်ကတော့ ရခိုင်က ဓာတ်ပုံဆရာတွေ၊ လူငယ်ဓာတ်ပုံတွေ ကိုယ်တိုင် အားထုတ်ထားတဲ့ ဓာတ်ပုံတွေကို နိုင်ငံတကာသိရှိအောင် ကင်မရာ မှတ်တမ်းကနေတဆင့် ရခိုင်ပြည်အခြေအနေကို နားလည်လာအောင်၊ နောက်ပြီး လူသားချင်းစာနာမှုအကူအညီမရှိသေးတဲ့ ရခိုင်က စစ်ရှောင်ဒုက္ခသည်တွေ အခြေအနေတွေကိုလည်း နိုင်ငံတကာက သိလာအောင် ရည်ရွယ်ပြီး လုပ်တာဖြစ်တယ်” ဟု ပွဲစီစဉ်သူ ကိုကောင်းကျော်စံက DMG ကို ပြောသည်။

ယင်းပြင် ဓာတ်ပုံပြပွဲတွင် ရခိုင်မင်္ဂလာစည်တီးခြင်း၊ ရတုဆိုခြင်း၊ ကဗျာရွတ်ခြင်းနှင့် ရခိုင်ရိုးရာ အကတို့ဖြင့် ကပြ ဖျော်ဖြေမှုများပြုလုပ်ခဲ့ကြောင်း ပွဲစီစဉ်သူ ကိုကောင်းကျော်စံက ဆက်ပြောသည်။

ယခုကဲ့သို့ ရခိုင်ပြည်အခင်းအကျင်းများကို ပြသထားသည့် ဓာတ်ပုံပြပွဲများကို ဘန်ကောက်၊ ချင်းမိုင်တို့တွင် ဆက်လက်ကျင်းပနိုင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

ဓာတ်ပုံပြပွဲကို လူဦးရေစုစုပေါင်း ၃၀၀ ဝန်းကျင် တက်ရောက်ခဲ့ပြီး နိုင်ငံရေးနှင့် တော်လှန်ရေးလောကမှ ပုဂ္ဂိုလ်များ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းထောက်များအပါအဝင် နိုင်ငံတကာနှင့် ဆက်ဆံလုပ်ကိုင်နေသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

“လူတွေကတော့ ဒီဘက်တော်လှန်ရေး အသိုင်းအဝိုင်းက လူတွေရော နိုင်ငံတကာအဖွဲ့တွေကလည်း လာကြတယ်။ ဓာတ်ပုံပြပွဲမှာတော့ ရခိုင်ပြည်အတွင်းက အဖြစ်အပျက်တွေ ကျနော်တို့ မြင်ဖူးနေကျ မဟုတ်တဲ့ ပုံစံတွေကို ပြထားတာပေါ့နော်။ ရခိုင်မှာ ဒါတွေ ရှိတယ်။ ဒီလိုတွေဖြစ်နေတယ်ဆိုတဲ့ဟာကို ဓာတ်ပုံဆရာတွေက ရိုက်ပြထားတာပေါ့” ဟု ပွဲတက်ရောက်ခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ပြပွဲမှ ဓာတ်ပုံများကို ရောင်းချပြီး ရရှိလာသည့် ငွေများကို ရခိုင်ပြည် ဝေးလံခေါင်ဖျားသောဒေသမှ စစ်ဘေးရှောင်များနှင့် အကူအညီမရရှိသေးသည့် စစ်ဘေးရှောင်များအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ ပြပွဲတွင် ရခိုင်ပြည်ဒေသအနှံ့က စစ်ပွဲအတွင်း ဖြစ်ပျက်ခဲ့သည့် မှတ်တမ်းဝင်ဓာတ်ပုံများကို ရခိုင် ဓာတ်ပုံဆရာများ၊ လူငယ်များ ၂၀ ဝန်းကျင်က မှတ်တမ်းတင်ကိုယ်တိုင်ရိုက်ကူးထားသည့် ဓာတ်ပုံ ၅၀ ခန့် ပါဝင်ကြောင်း သိရသည်။

ထို့အတူ စစ်ဘေးရှောင်ပြည်သူများ၏ လက်ရှိ ဘဝအခြေအနေများ ရခိုင်ပြည် အုပ်ချုပ်ရေး အခြေအနေများကို မှတ်တမ်းတင်ထားသည့် ဓာတ်ပုံများလည်း ပါဝင်ကြောင်း သိရသည်။

ရခိုင်တွင် စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာနေရသူ စစ်ဘေးရှောင် ဦးရေ ၅ သိန်းကျော် ရှိလာနေပြီး အများစုမှာ ကလေးသူငယ်နှင့် အမျိုးသမီးများဖြစ်သည်။

DMG