ရခိုင်တွင် သွေးလှူရှင်အသင်း၊ လူမှုကူညီရေးအသင်းများ လျော့နည်းလာတာကြောင့် အရေးပေါ်လူနာများ အခက်အခဲကြုံနေရ

0
352
Photo - ရွှေရောင်မေတ္တာ။

စစ်ရေးပြင်းထန်နေသည့် ရခိုင်ဒေသတွင် လူမှုကူညီရေးအသင်းအဖွဲ့များ လုပ်ငန်းလည်ပတ်မှု အားနည်းလျော့နည်းလာသဖြင့် အရေးပေါ်လူနာများ သွေးလိုအပ်ချိန်၌ အလွယ်တကူရရှိရန် ခက်ခဲနေပြီး လူနာရှင်များကိုယ်တိုင် မြေပြင်ကွင်းဆင်းပြီး သွေးအလှူခံနေကြကြောင်း သိရသည်။

ရခိုင် မြို့နယ်အသီးသီးရှိ လူမှုကူညီရေးအဖွဲ့များသည် တိုက်ပွဲကြောင့် တိမ်းရှောင်နေရခြင်း၊ စက်သုံးဆီဈေးနှုန်း မြင့်တက်ခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းလည်ပတ်ရန် ခက်ခဲနေပြီး၊ အများစုမှာ ကူညီရေးလုပ်ငန်းများကို ရပ်တန့်ထားရကြောင်း လူမှုကူညီရေး လုပ်ဆောင်နေသူများက ပြောသည်။

လူမှုရေးကူညီရေးအဖွဲ့များ ကူညီစောင်ရှောက်ရေးလုပ်ငန်း မလည်ပတ်နိုင်ခြင်းကြောင့် အရေးပေါ်လူနာများ ဆေးဝါးကုသရန် ခက်ခဲလာသည့်အပြင်၊ လူနာများအတွက် သွေးအရေးပေါ်လိုအပ်ချိန် သွေးရရှိရန် အခက်အခဲ ကြုံနေရသည်ဟု ဆိုသည်။

ရခိုင်ဒေသတွင်း လူမှုကူညီရေးလုပ်ဆောင်နေသူတစ်ဦးက “လူမှုအဖွဲ့အစည်းတွေ အရင်လိုမရှိတော့ ဒေသခံတွေက အဘက်ဘက်မှာ အခက်အခဲနဲ့ ကြုံနေရတယ်။ ပုံမှန်သွေးအလှူရှင်လည်း မရှိတော့ဘူးဆိုတော့ လူနာရှင်တွေမှာ ကိုယ်တိုင်သွေးလိုက်ရှာရတဲ့ အခြေပနေတွေ ရှိလာတယ်” ဟု ပြောသည်။

ယခင်က ဆေးရုံများတွင် သွေးလှူဘဏ်များရှိပြီး အသင်းဝင်များက ပုံမှန်လာရောက် သွေးလှူဒါန်းခြင်း၊ အထိမ်းအမှတ်နေ့အဖြစ် သွေးလှူသူများ ရှိခဲ့သည်။ လက်ရှိတွင် ဒေသတွင်းတိုက်ပွဲကြောင့် တိမ်းရှောင်နေရသဖြင့် သွေးအလှူရှင်များ ပြန့်ကြဲသွားပြီး လူနာများအတွက် အရေးပေါ်သွေးလိုအပ်ချိန်၌ အခက်အခဲ ကြုံနေကြရသည်။

ပုဏ္ဏားကျွန်းမြို့နယ်မှ မွေးလူနာတစ်ဦး၏အမျိုးသားက “အရင်တုန်းကတော့ သွေးတစ်လုံးရဖို့ ပိုက်ဆံပေးပြီး ဝယ်လို့ရသေးတယ်။ အခုက သွေးတစ်လုံးရဖို့ ခြေလျင်လျှောက်ပြီး အလှူခံရတယ်။ ရင်းနှီးရာလူတွေနဲ့ နေအိမ်တွေ အပြင် တွေ့ရာလူတွေကို မေးမြန်းပြီး ရှာရတယ်။ ဒီကာလမှာ သွေးရဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာကို သွေးရှာဖူးသူတိုင်းသိပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့်လကလည်း ပေါက်တောမြို့နယ်တွင် ကိုယ်ဝန်ဆောင်တစ်ဦး ကလေးမွေးဖွားပြီးနောက် သွေးလိုအပ်ရာတွင် အချိန်မီ သွေးမသွင်းပေးနိုင်ခဲ့၍ အရေးပေါ်ဆေးဝါးကုသမှု ခံယူခဲ့ရကြောင်း မိသားစုဝင်တစ်ဦးက ပြောပါသည်။

“မနက်ကတည်းက သွေးသွင်းရမှာကို B သွေးရှာမရလို့ လိုက်ရှာတာ ညနေလောက်မှပဲ သွင်းလိုက်ရတယ်” ဟု ၎င်းက ပြောသည်။

စစ်ရေးပဋိပက္ခ ဖြစ်ပွားနေသည့် ရခိုင်ဒေသတွင် မိုင်းပေါက်ကွဲခြင်း၊ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် ထိခိုက်ဒဏ်ရာရသူများ၊ မွေးလူနာများ စသည့် အကြောင်းအမျိုးမျိုးကြောင့် သွေးလိုအပ်ချက်ရှိသည့် လူနာအများအပြားရှိနေကြောင်း သိရသည်။

လူမှုကူညီရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက “လူမှုကူညီရေးအဖွဲ့တွေ အရင်လို မရှိတော့ ဒေသခံတွေမှာ အရမ်းခက်ခဲလာတယ်။ သွေးလိုအပ်ချက်ကော တခြားလိုအပ်ချက်တွေအတွက်ပါ ခက်ခဲတယ်။ အလုပ်လုပ်မယ့်လူ မရှိတော့ဘူးလေ။ မြို့တစ်မြို့မှာ တစ်ခုခုဖြစ်ပြီဆိုရင် ဒီလူမှုကူညီရေးအဖွဲ့တွေကပဲ ကူညီပေးနေတာ။ အခုက အဲဒီအဖွဲ့တွေ မရှိတော့ဘူးဆိုတော့ ကျန်တဲ့ဒေသခံတွေအတွက် အများကြီးခက်ခဲတယ်” ဟု ပြောသည်။

ရခိုင်ဒေသအတွင်း စစ်ရေးအရ အရေးနိမ့်နေသော စစ်ကောင်စီသည် ဆေးရုံ၊ ဆေးခန်းများကို ပစ်မှတ်ထားပြီး လေကြောင်းပစ်ခတ်မှုများ မကြာခဏ ပြုလုပ်နေ၍ ဒေသခံများ၏ ကျန်းမာရေးဆိုင်ရာ ဆေးကုသမှုခံယူမှုမှာ စိန်ခေါ်မှုများစွာ ရှိနေသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here