ရခိုင်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု နှစ်ဆမြင့်တက်

By MPM 1 အောက်တိုဘာ, 2024 👁

ရခိုင်စစ်မျက်နှာတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်နေတာကြောင့် လူအစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးမှုများ လစဉ်တိုးလာလျက်ရှိနေသည်။

ကောက်ယူထားသည့် စာရင်းမှတ်တမ်းအရ စက်တင်ဘာလတွင်း လေကြောင်းပစ်ခတ်မှုကြောင့် သံတွဲ၊ တောင်ကုတ်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် ဂွ မြို့နယ်များတွင် အရပ်သားထိခိုက်သေဆုံးသူ ၈၅ ဦး အထိ ရှိနေသည်။

သေဆုံးသူများမှာ သံတွဲမြို့နယ်တွင် ၁၈ ဦး၊ တောင်ကုတ်မြို့နယ်တွင် ၃ ဦး၊ မြေပုံမြို့နယ်တွင် ၂ ဦး၊ ပုဏ္ဏားကျွန်း မြို့နယ်တွင် ၁ ဦးနှင့် ဂွမြို့နယ်တွင် ၃ ဦး စုစုပေါင်း ၂၇ ဦး ဖြစ်သည်။

ဒဏ်ရာရရှိသူများတွင် သံတွဲ ၃၇ ဦး၊ ဂွ ၇ ဦး၊ ‌တောင်ကုတ် ၃ ဦး၊ မြေပုံ ၇ ဦး၊ ရသေ့တောင် ၁ ဦးနှင့် ပုဏ္ဏားကျွန်း ၃ ဦး စုစုပေါင်း ၅၈ ဦးတို့ ဖြစ်သည်။

တောင်ကုတ်ဒေသခံအမျိုးသားတစ်ဦးက “စစ်တပ်က စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ပြီးတော့ ပြည်သူတွေကို အကြောက်တရား သွင်းနေတယ်။ ငယ်ငယ်တုန်းက လေယာဉ်လာရင် လက်ခုပ်တီးပြီးတောင် ထွက်ကြည့်သေးတာ။ အခုက လေယာဉ်လာရင် ဘယ်နေရာပြေးပုန်းလို့ လွတ်မလဲဆိုပြီး ကြောက်နေရပြီ” ဟု ဆိုသည်။

ရခိုင်တွင် ဩဂုတ်လအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက် သေဆုံးသူ ၄၀ ကျော်ရှိခဲ့ပြီး စက်တင်ဘာလတွင် ၈၀ ကျော်အထိ နှစ်ဆနီးပါး မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီသည် မြောက်ပိုင်းညီနောင်သုံးဖွဲ့ကို စက်တင်ဘာလ ၂ ရက်နေ့တွင် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခဲ့ပြီးနောက် လေကြောင်းတိုက်ခိုက်မှုများကို အရှိန်မြှင့် လုပ်ဆောင်နေသည်။

“စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာကို ခပ်စိပ်စိပ်လုပ်လာလို့ အစုလိုက်အပြုံလိုက်သေကြတာ မြင်ရတော့ ကိုယ့်အလှည့် ဘယ်တော့ရောက်မလဲဆိုပြီး ပိုတွေးမိလာတယ်” ဟု မြေပုံဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများ အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးမှုထဲတွင် အမျိုးသမီးနှင့် ကလေးငယ် အများဆုံး ပါဝင်နေသည်ကို တွေ့ရသည်။

သံတွဲမြို့ကို စက်တင်ဘာ ၁၆ ရက်နေ့က စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်း စစ်ဘေးရှောင် ကလေးငယ်အပါအဝင် အယောက် ၄၀ ခန့် အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးခဲ့ရသည်။

အရပ်သားပြည်သူ ခိုလှုံသည့်နေရာများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမှာ စစ်ကောင်စီက စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်းဖြစ်ပြီး ဂျီနီဗာကွန်ဗေးရှင်းကို ချိုးဖောက်ခြင်းဖြစ်ကြောင်း AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုထားသည်။

ဂျီနီဗာကွန်ဗင်းရှင်းပါ စည်းမျဉ်းများကို လိုက်နာခြင်းမရှိဘဲ အရပ်သားများအား ဦးတည်တိုက်ခိုက်နေခြင်းကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ရှုတ်ချကြသည်။

“ရှုံးမဲမဲပြီး စစ်ပွဲကို စစ်ပွဲနဲ့တူအောင် မတိုက်ဘဲ ပြည်သူကို ဦးတည်တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်တာဖြစ်တယ်။ အခု ရခိုင်မှာ လူရာချီ အစုလိုက်အပြုံလိုက် သေဆုံးသွားတာတွေဟာ လူမျိုးတုံး သတ်ဖြတ်မှု ဂျီနိုဆိုက်ကို ကျူးလွန်နေတာဖြစ်တယ်” ဟု ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာဦးမြတ်ထွန်းက ပြောသည်။

ရခိုင်တွင် တိုက်ပွဲစတင်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ စ၍ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်အထိ ၁၁ လ နီးပါး ကာလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အရပ်သားထိခိုက်သေဆုံးသူ ၁,၄၆၅ ဦးအထိရှိကြောင်း ပြုစာထားသော စာရင်းမှတ်တမ်းအရ သိရသည်။

အောင်ထိန် (DMG) ပေးပို့သည်။