ရခိုင်တိုက်ပွဲ ၁၀ လတာအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အရပ်သား ၁,၄၀၀ နီးပါး ထိခိုက်သေဆုံး

By MPM 15 စက်တင်ဘာ, 2024 👁

ရခိုင်ပြည်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှစ၍ စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ကြား တိုက်ပွဲများသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်တွင် ၁၀ လတိတိ ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး အဆိုပါကာလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အရပ်သား ၁,၄၀၀ နီးပါး ထိခိုက်သေဆုံးခဲ့သည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှု၊ လက်နက်ကြီးနှင့်ပစ်ခတ်မှု၊ မြေမြှုပ်မိုင်း စသည်တို့ကြောင့် အရပ်သား သေဆုံးသူ ၄၉၄ ဦးနှင့် ဒဏ်ရာရရှိသူ ၈၈၆ ဦး စုစုပေါင်း ၁,၃၈၀ ဦးရှိကြောင်း စာရင်းပြုစုချက်အရ သိရသည်။

ထိခိုက်သေဆုံးသူများထဲ ကလေးငယ်နှင့် အမျိုးသမီး အများဆုံးပါဝင်ပြီး စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှု၊ လက်နက်ကြီးနှင့်ပစ်ခတ်မှု ဖြစ်စဉ်များကြောင့် ကလေးငယ် သေဆုံးသူ ၇၃ ဦး၊ ဒဏ်ရာရရှိသူ ၁၈၆ ဦးနှင့် အမျိုးသမီး သေဆုံးသူ ၁၂၇ ဦး ဒဏ်ရာရရှိသူ ၃၁၅ ဦး ရှိခဲ့ပါသည်။

ကျောက်တော်မြို့နယ်မှ ကလေးမိဘတစ်ဦးက “ကလေးသူငယ်ကို အပြည့်အဝကာကွယ်ပေးဖို့ ကမ္ဘာကသတ်မှတ်ထားတဲ့ ဥပဒေတွေရှိတယ်။ အဲဒါကို ဂရုမစိုက်ဘဲ စစ်ကောင်စီက လုပ်ချင်သလိုလုပ်နေတာ။ ကလေးတွေဆိုတာက နိုင်ငံရေး၊ စစ်ရေးနဲ့ ဘာမှမသက်ဆိုင်သူတွေဖြစ်တယ်။ စစ်ကောင်စီရဲ့ မဆင်မခြင်လုပ်ရပ်တွေကြောင့် ကလေးငယ်တွေ ထိခိုက်သေဆုံးနေရတယ်” ဟု ပြောသည်။

ကလေးသူငယ်များမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနှင့် အသက်ရှင်သန်ခွင့် စသည့် အခြေခံလူ့အခွင့်အရေးများ ဆုံးရှုံးနေကြရပြီး စစ်ကောင်စီ၏ လေကြောင်းပစ်မှတ်အောက်တွင် သားကောင်ဖြစ်နေကြရသည်။

စစ်ရှုံးနေသော စစ်ကောင်စီက အရပ်သားများနေထိုင်ရာ နေရာများကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများလုပ်နေခြင်းကြောင့် ကိုယ်ဝန်ဆောင်၊ ကလေးငယ်နှင့် အရပ်သားအများအပြား နေ့စဉ်နဲ့အမျှ သေဆုံးနေရသည်။

အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတစ်ဦးက “စစ်ကောင်စီက လူသားမျိုးနွယ်အပေါ် စစ်ရာဇဝတ်မှုကြီးကို ကျူးလွန်နေတာဖြစ်တယ်။ အခုလိုမျိုး ကျူးလွန်နေတဲ့ စစ်ကောင်စီကို နိုင်ငံတကာက တားမြစ်ဖို့ လိုအပ်နေပြီ။ အခုဆို လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေ စိုးရိမ်ကြောက်လန့်စိတ်တွေ ရှိနေကြတယ်။ အမျိုးသမီးတွေဆိုရင်လည်း အသက်တွေနှုတ်ယူခံနေရတယ်။ ဒါက ကြီးမားတဲ့ လူ့အရင်းအမြစ် ဆုံးရှုံးမှုဖြစ်တယ်” ဟု ပြောသည်။

စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်နေသောမှတ်တမ်းများကို အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့ထံသို့ ပေးပို့သွားမည်ဟု ညီနောင်သုံးဖွဲ့က စက်တင်ဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အရပ်သားများ နေထိုင်ရာနှင့် စွန့်လွှတ်ခဲ့ရသည့် နယ်မြေများကို လေကြောင်းတိုက်ခိုက်မှု နေ့စဉ်ရက်ဆက်လုပ်နေ၍ ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို အထူးသတိထားကြရန် ညီနောင်သုံးဖွဲ့က တိုက်တွန်းထားသည်။

စစ်ကောင်စီ၏ စစ်ဘက်၊ အရပ်ဘက်ခွဲခြားမရှိဘဲ သိမ်းကြတိုက်ခိုက်နေသော လုပ်ရပ်များကြောင့် ပြည်သူများ၏ အမုန်းတရားကိုရရှိကာ တော်လှန်ရေးခရီးသာ ပိုအားကောင်းလာမည်ဟု တက်ကြွလှုပ်ရှားသူများက ဆိုကြသည်။

“အခုဆိုရင် စစ်ကောင်စီက ပြည်သူတွေကို ဝါဒဖြန့်တာတွေ စည်းရုံးတာတွေ လုပ်လို့မရတော့ဘူး။ ပြည်သူတွေက စစ်ကောင်စီလုပ်ရပ်တွေကို သိနေပြီ။ ဒါကြောင့် စစ်ကောင်စီ ပြိုလဲတော့မှ အေးချမ်းမယ်ဆိုတဲ့အတွေးဟာ ပိုခိုင်မာလာတာတွေ့ရတယ်” ဟု ရခိုင်က လူမှုကူညီရေးလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။

ရခိုင်တိုက်ပွဲ ၁၀ လကာလအတွင်း အာရက္ခတပ်တော် (AA) သည် ချင်းပြည်နယ်၊ ပလက်ဝနှင့် ရခိုင်ကမြို့နယ် ၁၀ ခုအထိ သိမ်းပိုက်ထားပြီး မောင်တော၊ တောင်ကုတ်၊ ဂွမြို့နယ်တို့ကို ဆက်လက်ထိုးစစ်ဆင်နေသည့်အပြင် စစ်တွေ၊ အမ်း၊ ကျောက်ဖြူတို့ကိုလည်း ပိတ်ဆို့ဖြတ်တောက်ထားသည်။

အောင်ထိန် (DMG) ပေးပို့သည်။