ရခိုင်ဒေသအတွင်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့တွင် စတင်ခဲ့သည့် တိုက်ပွဲများသည် ယခု ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့တွင် အချိန်ကာလအားဖြင့် တစ်နှစ်ပြည့်မြောက်သွားပြီဖြစ်သည်။
တစ်နှစ်တာကာလအတွင်း အာရက္ခတပ်တော် (AA) သည် ရခိုင်ပြည်အတွင်းရှိ ပေါက်တော၊ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ သံတွဲနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်သည်။
လက်ရှိတွင်လည်း အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာချုပ်၊ တောင်ကုတ်၊ ဂွနှင့် မောင်တောမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်နေသည်။
AA ထိုးစစ်ကြောင့် တပ်စခန်းများ၊ မြို့များ စွန့်လွှတ်ထားရသည့် စစ်ကောင်စီသည် အရပ်သားနေထိုင်ရာ မြို့ရွာများကို လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်နေ၍ အရပ်သားထိခိုက်သေဆုံးမှုလည်း မြင့်တက်နေသည်။
ပြုစုထားသော စာရင်းများအရ တစ်နှစ်တာ ရခိုင်စစ်ရေးကာလအတွင်း အရပ်သားသေဆုံးသူ ၆၀၅ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁,၀၅၃ ဦးရှိခဲ့ပြီး အများစုမှာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးခဲ့ရခြင်းဖြစ်သည်။
မြောက်ဦးဒေသခံ အမျိုးသမီးတစ်ဦးက “လေယာဉ်တွေဝဲတော့ ညဘက်ဆိုရင်လည်း အိမ်အောက်မှာပဲ အိပ်ရတယ်။ စီးပွားရေးကလည်း အကုန်လုံးဆုံးရှုံးတာပေါ့။ တိုက်ပွဲဖြစ်လို့ ထွက်ပြေးတော့ ပစ္စည်းတွေက ဒီအတိုင်း အကုန်ကျန်ခဲ့တာ။ အဲလိုကျန်ခဲ့တော့ တချို့ပစ္စည်းတွေက ပျက်စီးဆုံးရှုံးသွားတာတွေရှိတယ်” ဟု ပြောသည်။
စစ်ရေးပဋိပက္ခအကျိုးဆက်ကြောင့် ရခိုင်ဒေသခံ ပြည်သူများမှာ အကျပ်အတည်းပေါင်းများစွာဖြင့် ရင်ဆိုင်နေကြရပြီး လက်ရှိတွင်လည်း စားဝတ်နေရေးနှင့် အခြေခံလိုအပ်ချက်များစွာ ရှိနေကြဆဲဖြစ်သည်။
တဖက်တွင်လည်း ရခိုင်ပြည် မြို့တော်စစ်တွေနှင့် တရုတ်စီမံကိန်းများရှိရာ ကျောက်ဖြူမြို့တို့ကို AA က အချိန်ယူ တိုက်ခိုက်မည်ဟု စစ်ရေး၊ နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြသည်။
စစ်ရေး၊ နိုင်ငံရေးသုံးသပ်သူ ဦးဖေသန်းက “စစ်တွေကိုတော့ အခု ဝိုင်းပတ်ပိတ်ဆို့ထားတယ်။ မောင်တောပြီးရင်တော့ တိုက်စစ်ဖွင့်မယ်လို့ ထင်တယ်။ ကျောက်ဖြူကလည်း ဒီတိုင်းပါပဲ။ ဒီမြို့နှစ်မြို့ကိုတော့ သူတို့ အချိန်ဆွဲပြီး ဗျူဟာအရ တိုက်နိုင်တယ်။ ပြည်သူတွေ ထိခိုက်နာကျင်မှု တော်တော်များနိုင်တဲ့ မြို့တွေဖြစ်တယ်။ ပင်လယ်နဲ့လည်း နီးကပ်နေတော့ လက်နက်ကြီးတွေနဲ့ အချိန်မရွေး ဖျက်ဆီးလို့ရတယ်။ ပင်လယ်ထွက်ပေါက်ရှိတဲ့အတွက် ပစ်ကူတွေလည်း ပေးနိုင်တယ်။ ဒါကြောင့် ဒီမြို့တွေကို အချိန်ယူပြီး တိုက်နိုင်တာပေါ့” ဟု ပြောသည်။
ရခိုင်ဒေသရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်သွားမည်ဟု AA က ကြွေးကြော်ထားသည်။
ထို့ကြောင့် AA သည် လာမည့် ၂၀၂၅ ခုနှစ်တွင် ရခိုင်ဒေသတစ်ခုလုံးကို စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်ရန် ကြိုးပမ်းနိုင်ကြောင်း ဦးဖေသန်းက သုံးသပ်ပြောသည်။
“လာမယ့်နှစ် ၂၀၂၅ မှာ အာရက္ခတပ်တော်ရဲ့ စစ်ရေးရည်မှန်းချက် ပြည့်သွားလိမ့်မယ်လို့ ကျနော်ကတော့ ယူဆတယ်။ အဲလိုဖြစ်သွားရင် နိုင်ငံရေးအားဖြင့် အာရက္ခတပ်တော်နဲ့ ULA အဖွဲ့အစည်းက ဘယ်လိုပုံဖော်လာမလဲဆိုတာကိုတော့ စိတ်ဝင်စားတယ်” ဟု ၎င်းက ဆိုသည်။
ISP-Myanmar အစီရင်ခံစာအရ ရခိုင်ဒေသတွင် တိုက်ပွဲတစ်နှစ်တာအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၇ သိန်း နီးပါးရှိသည်။
၎င်းတို့မှာ စားဝတ်နေရေး ကူညီထောက်ပံ့မှုများ အရေးတကြီး လိုအပ်နေဆဲဖြစ်ကြောင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူများက ပြောဆိုကြသည်။
အောင်ထိန် (DMG) ပေးပို့သည်။