ရခိုင်ကလေးသူငယ်များ လေကြောင်းဗုံးကြဲမှုကြောင့် စိတ်ပိုင်း၊ ရုပ်ပိုင်း ထိခိုက်ခံစားရမှု မြင့်တက်လာနေ

By MPM 14 အောက်တိုဘာ, 2024 👁

ရခိုင်ဒေသအတွင်း စစ်ကောင်စီက အရပ်သားနေထိုင်ရာ မြို့ရွာများကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်နေမှုကြောင့် ရခိုင်ဒေသခံကလေးငယ်များ အသက်သေဆုံးသည့်အပြင် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ မြင့်တက်လာနေသည်ကို တွေ့ရှိရသည်။

တိုက်ပွဲများပြင်းထန်နေသည့် ရခိုင်ဒေသတွင် စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် အသက် ၁၈ နှစ်အောက် ကလေးသူငယ်များ ထိခိုက်သေဆုံးမှု မြင့်တက်နေပြီး ယခုလအတွင်း ကလေးငယ် ၄ ဦး သေဆုံးကာ ၉ ဦး ဒဏ်ရာရရှိထားသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက်နေ့က ကျောက်တော်မြို့ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲ ပစ်ခတ်မှုကြောင့် ကလေးငယ်အပါအဝင် ဒေသခံ ၄ ဦး သေဆုံးပြီး ၂၄ ဦး ဒဏ်ရာရရှိခဲ့သည်။

ကျောက်တော်မြို့မှ ကလေးမိခင်တစ်ဦးက “ကလေးက ညအိပ်ရင်တောင် ‘လေယာဉ်လာတယ် လေယာဉ်လာတယ်’ ဆိုပြီး လန့်လန့်နိုးတယ်။ အသံအကျယ်ကြီးတွေကြားရင် ကြောက်လန့်နေတယ်။ အနားကမခွာဘူး။ ကျောက်တော်မှာ ဗုံးကြဲခံရတဲ့နေ့တုန်းကဆိုရင် ကလေးကကြောက်လို့ စကားတောင် မပြောနိုင်တော့တဲ့အထိ ဖြစ်သွားတယ်” ဟု ပြောသည်။

ရခိုင်တွင် အောက်တိုဘာ ၁ ရက်မှ ၁၀ ရက်နေ့အထိ လေကြောင်းဗုံးကြဲမှုကြောင့် ဒေသခံ ၃၁ ဦး သေဆုံးပြီး ၅၃ ဦး ဒဏ်ရာရရှိခဲ့ရာ ယင်းတို့ထဲတွင် ကလေးသူငယ် ၁၃ ဦးပါဝင်ကြောင်း ပြုစုထားသည့် စာရင်းအချက်အလက်များအရ သိရသည်။

သေဆုံးသွားသည့် ကလေးသူငယ်များမှာ တောင်ကုတ်မှ ၃ ဦး၊ ကျောက်တော်မှ ၁ ဦးဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ တောင်ကုတ်မှ ၂ ဦး၊ ကျောက်တော်မှ ၅ ဦး၊ မောင်တောမှ ၂ ဦးတို့ ဖြစ်သည်။

စစ်တွေမြို့နယ်မှ အမျိုးသမီးတစ်ဦးကလည်း “ဖြစ်နိုင်မယ်ဆိုရင် ကိုယ့်သားသမီးကို ဘာအန္တရာယ်မှ မကျရောက်စေချင်ဘူး။ ခုနစ်ရက်သားသမီးတွေအားလုံး ဘေးကင်းစေချင်တယ်။ ကိုယ်သေမှာ မကြောက်ဘူး။ သားသမီးကိုပဲ စိတ်ပူတယ်” ဟု ပြောသည်။

ကလေးသူငယ်ဆိုင်ရာ ဥပဒေအရ ကလေးတိုင်းတွင် ပညာသင်ကြားခွင့်နှင့် ကျန်းမာရေးစောင့်ရှောက်မှု ခံယူခွင့်ရှိပြီး ကလေးသူငယ်များအပေါ် တနည်းနည်းဖြင့် ထိခိုက်ဒဏ်ရာရစေသည့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမျိုး မပြုလုပ်ရဟု ပြဌာန်းထားသော်လည်း စစ်ရေးပဋိပက္ခ ပြင်းထန်နေသော မြန်မာနိုင်ငံတွင် ကလေးသူငယ်များမှာ ဥပဒေပါရပိုင်ခွင့်များ ဆုံးရှုံးနေကြရသည်။

ကလေးသူငယ်များသည် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရရှိမှုအပြင် စိတ်ဒဏ်ရာရရှိမှုမှာ စိုးရိမ်စရာ ဖြစ်နေသဖြင့် ကလေးသူငယ်များ၏ စိတ်ဒဏ်ရာများကို ကုစားပေးရန် လိုအပ်နေသည်ဟု ကလေးသူငယ်ဆိုင်ရာ ပြုစုစောင့်ရှောက်ရေး လုပ်ဆောင်သူများက ပြောဆိုသည်။

“ကလေးတွေရဲ့ စိတ်ဒဏ်ရာတွေကို ကုစားဖို့ဆိုရင် အရင်ဆုံး သူတို့ရဲ့စိတ်ခံစားချက်ကို လက်ခံအသိမှတ်ပြုပေးဖို့လိုတယ်။ ရင်ဖွင့်စကားသံကို ဝေဖန်အပြစ်တင်တာမလုပ်ဘဲ နားထောင်ပေးဖို့ လိုအပ်တယ်” ဟု ကလေးသူငယ်များအား စိတ်ပိုင်းဆိုင်ရာ ကုစားရေး ဆောင်ရွက်နေသည့်အဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အရေးကြီးဆုံးအချက်က ဒီလိုဖြစ်စဉ်ကို နင်တစ်ယောက်တည်း ကြုံတွေ့ခံစားရတာမဟုတ်လို့ မပြောမိဖို့ လိုအပ်တယ်။ ဘာလို့လဲဆိုတော့ သူတို့ခံစားချက်ဟာ သာမာန်ဖြစ်စဉ်မျိုး မဟုတ်တာကြောင့် ဖြစ်တယ်” ၎င်းက ဆက်ပြောသည်။

တိုက်ပွဲဖြစ်ပွားရာဒေသများမှ ကလေးငယ်များသည် လေယာဉ်ဗုံးသံ၊ လက်နက်ကြီးသံနှင့် သေနတ်သံများကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေသကဲ့သို့ မိသားစုဝင်များနှင့်အတူ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသဖြင့် အစာအာဟာရ လုံလောက်စွာမရရှိသည့်အပြင် ကလေးငယ်များ၏ ပညာသင်ကြားခွင့်ပါ ဆုံးရှုံးလျက်ရှိနေသည်။

အောင်ထိန်(DMG) ပေးပို့သည်။