စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စည်သူသစ်ကွင်း၌ သစ်ခိုးထုတ်နေသော စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေး တပ်တွေအကြား တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်ဘက်က ၅ ဦး သေဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ် Union Liberation Front- ULF V 02 က သတင်းထုတ်ပြန်သည်။
စည်သူသစ်ကွင်း၌ သစ်ခိုးထုတ်နေသော အင်အား ၁၀၀ ပါ စစ်ကောင်စီ စစ်ကြောင်းသည် ယင်းမာပင်မြို့နယ်၊ ကျောက်ကုန်းရွာ ဘုန်းကြီးကျောင်းအတွင်း ၃ ရက်တာ တပ်စွဲထားကြောင်းနှင့် စက်တင်ဘာ ၆ ရက်နေ့ မနက်ပိုင်း က ကျောက်ကုန်းရွာ အနောက်ဘက်တောပြင်သို့ ထွက်ရှိလာသည့် ထိုစစ်ကောင်စီတပ် ရှေ့ပွိုင့်နှင့် ULF တပ်ပေါင်းစုမှ ကင်းပုန်းတပ်စိတ်တို့ ထိပ်တိုက်တိုးပြီး တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သတင်းထုတ်ပြန်ချက်က ဆိုသည်။
ကျေက်ကုန်းရွာ အနောက်ဘက်တောပြင်၌ တိုက်ပွဲဖြစ်ပွားရာတွင် ၂ နာရီ ကြာမျှ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ Union Liberation Front- ULF V 02 က တာဝန်ရှိသူတစ်ဦးက ပြောသည်။
“တိုက်ပွဲက သူတို့ တက်လာတာ၊ သူတို့ရဲ့ ကြိုထွက်လာတဲ့ ရှေ့ပွိုင့်နဲ့ ဖြစ်ခဲ့တာပါ၊ တိုက်ပွဲအတွင်း စစ်တပ်ဘက် က မျက်မြင်ကိုယ်တွေ့ ၄ ယောက် ကျတယ်။ နောက်ပြီးတော့ အတွင်းသတင်း အရတော့ ၅ ယောက် ကျတယ် ပြောတယ်။ ၆ ယောက် ကတော့ စိုးရိမ်ဒဏ်ရာရတယ်လို့ သိရတယ်၊ မျက်မြင်ကတော့ ၅ ယောက်ပေါ့” လို့ ၎င်းက ပြောသည်။
တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဘက်က ၆ ဦး ဒဏ်ရာ ရရှိခဲ့ပေမယ့် စိုးရိမ်ရတဲ့ အခြေနေမရှိကြောင်းနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်နက်ခဲယမ်းတချို့လည်း ကာကွယ်ရေးတပ်ဘက်က သိမ်းဆည်းရမိခဲ့တယ်လို့ ကာကွယ်ရေးတပ်ပေါင်းစုတွေက သတင်းထုတ်ပြန်ထားသည်။
အဆိုပါ စစ်ကောင်စီတပ်သည် ယင်းမာပင်မြို့နယ် စည်သူသစ်ကွင်းက သစ်တွေကို ခိုးထုတ်နေတဲ့ စစ်ကြောင်း ဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က အခုလို ပြောသည်။
“သူတို့က အဲ့နားက သစ်ကွင်းမှာ သစ်လာထုတ်နေကြတာ၊ တစ်လကျော်လောက် ရှိပြီ။ အဲ့သစ်ကွင်းအတွက် ကာပေးတဲ့ သဘောပဲ၊ အဓိက ကတော့ အခုလို သစ်ထုတ်တာကလည်း ဒေါ်လာ မရှိတော့ဘူးလို့ကြားတယ်၊ ဒေါ်လာရှိမှ နိုင်ငံခြားကနေ လက်နက်တွေ ဝယ်နိုင်မှာ အဲ့အတွက်ပဲ သစ်တွေထုတ်နေတယ်လို့ ထင်တယ်” လို့ အဆိုပါ ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောဆိုသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဩဂုတ်လ ၆ ရက် ကတည်းက ချင်းတွင်းမြစ်ကြောင်း အတိုင်း စစ်သင်္ဘော တွေနဲ့ သစ်တွေကို သယ်ယူနေတာဖြစ်ပြီး ဘယ်တပ်ရင်းတပ်ဖွဲ့ ဆိုသည်ကို အတည်မပြုနိုင်ပေမယ့် မုံရွာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကလာသည့် စစ်ကြောင်းတွေ ဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။
ယင်းအခြေအနေများကြောင့် လက်ရှိတွင် ယင်းမာပင်မြို့နယ် စည်သူသစ်ကွင်း အနီးတဝိုက်ဝန်းကျင်ရှိ ရွာပေါင်း၂၀ ကျော်မှ ဒေသခံ ၁ သောင်း နီးပါး ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ဒေသခံများနှင့် ကာကွယ်ရေးတပ်ဖွဲ့က ပြောဆိုသည်။
စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှ ပြီးခဲ့သည့် ဩဂုတ်လအထိ စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံ ၈ သိန်း နီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ သိရသည်။
KNG ပေးပို့သည်။