ယင်းမာပင်စစ်ရှောင်များ စားသောက်ကုန်နှင့်အဝတ်အထည်များလိုအပ်နေ

0
366
ပုံစာ - အမျိုးသမီးမဟာမိတ်အင်အားစုအဖွဲ့ဝင်အချို့နှင့် ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီတို့ ပူးပေါင်းပြီး စစ်ရှောင်ကလေးများအား မုန့်ဝေပေးစဉ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူ ၁ ထောင်ကျော်အတွက် အခြေခံစားသောက်ကုန်များ ပြတ်လပ်နေပြီး အဝတ်အထည်များလည်း လိုအပ်နေသည်ဟု စစ်ရှောင်အရေး ကူညီပေးနေသူများက ပြောသည်။

ယင်းမာပင်မြို့နယ်ထဲ စစ်ကောင်စီစစ်ကြောင်း ဝင်လာပြီးနောက် ယနေ့အချိန်ထိ အနီးအနားတွင် တပ်စွဲအထိုင်ချထားသောကြောင့် နေရပ်ကို မပြန်နိုင်သေးဘဲ ဒေသခံများမှာ တောတောင်ထဲတွင် ခိုလှုံနေကြရခြင်းဖြစ်သည်ဟု စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူ ကိုရိန်းမိုးက ပြောသည်။

“အဓိကအခက်အခဲက စားနပ်ရိက္ခာနဲ့ အဝတ်အထည်ပေါ့။ ပြောရလို့ဆိုရင် ခွေးတွေ (စစ်ကောင်စီတပ်) လာတော့ သူတို့ဘာမှ ပြင်ဆင်ချိန်မရှိဘဲ ဒီတိုင်းဘဲ ထွက်ပြေးလာတဲ့အနေအထားဆိုတော့ ဘာမှလည်း မယူလာနိုင်ဘူးလေ။ အကုန်လုံး စားစရာသောက်စရာ အိုးခွက်ပန်းကန်ကအစ ကျန်နေခဲ့တာသူတို့။ အဓိကတော့ အဝတ်အစားလည်း လိုတယ်။ အခု ဆောင်းရာသီ ဆောင်းလည်း ရောက်လာပြီဆိုတော့ အဝတ်အစားတို့ဘာတို့ စောင်တို့လိုတယ်။ အရေးကြီဆုံးကတော့ စားနပ်ရိက္ခာပြတ်လပ်နေတာပဲ” ဟု ကိုရိန်းမိုးက ပြောသည်။

အဆိုပါ စစ်ဘေးရှောင် ၁ ထောင်ကျော်သည် လုံခြုံရသည့် ကျေးရွာများနှင့် တောတောင်များထဲတွင် ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ရှောင်ကာလ ၃ လနီးပါး ရှိလာပြီဖြစ်ကြောင်း ကိုရိန်းမိုးက ဆက်ပြောသည်။

“အမြဲစစ်ရှောင်လားဆိုတော့ အခုကတော့ အမြဲတမ်းပုံစံမျိုးပါပဲ။ အခုခွေးတွေ (စစ်ကောင်စီတပ်) ကျောင်းမှော် ဘက်မှာ အထိုင်ချတပ်စွဲနေတဲ့ ပုံစံမျိုးဆိုတော့ ၂ ခွဲနီးပါး ၃ လနီးပါး ရှိသွားပြီ။ တောထဲမှာ စစ်ရှောင်တာရှိတယ်။ စစ်ရှောင်စခန်းလို့ ပြောရမှာပေါ့။ ရွာတွေဘက်ကို ရှောင်ရမှာပေါ့။ ၃ နေရာလောက်ခွဲပြီးတော့မှ ရှောင်ရတာပေါ့” ဟု ကိုရိန်းမိုး ဆက်ပြောသည်။

ယင်းမာပင်မြို့နယ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ပျူစောထီးအဖွဲ့တို့သည် အရပ်သား ပြည်သူများ ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများဖြစ်သည့် အိုးခွက်ပန်းကန်မှအစ အခြားအဖိုးတန် ပစ္စည်းများကိုပါ ခိုးယူနေပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များနှင့်လည်း မကြာခဏဆိုသလို တိုက်ပွဲများ ဖြစ်ပွားလေ့ ရှိသည် ဟု ဒေသခံများက ပြောသည်။

ယင်းမာပင်မြို့နယ်ထဲ စစ်ရေးအခြေအနေမှာ ယနေ့အချိန်ထိ ရှုပ်ထွေးနေပြီး စစ်သားများနှင့် ပျူစောထီးအဖွဲ့ဝင် များ သွားလာလှုပ်ရှားနေသည့်အပြင် ၎င်းတို့နှင့် ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ၊ ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလျှက်ရှိသည်။ ထို့ကြောင့် နေရပ်ပြန်ရေးမှာ မဖြစ်နိုင်သေးဘူးဟု ဒေသတွင်းလှုပ်ရှားနေသည့် ယင်းမာပင် – ဆားလင်းကြီး လက်နက်ကြီးမဟာမိတ်တပ်ပေါင်းစု တာဝန်ရှိသူက ပြောသည်။

အဆိုပါမဟာမိတ်တပ်ပေါင်းစု တာဝန်ရှိသူက “စစ်ရှောင်ပြည်သူတွေက အခုဟာက စစ်ရေးအခြေအနေအရ စစ်ကြောင်းထိုးမှု ကြုံနေရတာဆိုတော့ စစ်ရှောင်တွေကိုလည်း ပြန်ပြီး တစချက်ဂရုစိုက်ပေးကြပါလို့ အဆင်ပြေတဲ့သူများ၊ ဘာလို့လဲဆိုတော့ ဒုက္ခရောက်နေတဲ့သူတွေမှာ ကျနော်တို့ မျက်မြင်ကိုယ်တွေ့ အမှန်တကယ် ဒုက္ခရောက်နေတဲ့သူတွေမို့လို့ပါ။ ဒီဒေသမှာလည်း စစ်ရေးအခြေအနေက ရှုပ်ထွေးနေတာမို့ စစ်ရှောင်တွေကိုလည်း ပြန်လည်ပြီး ကူညီပေးကြပါ၊ စစ်ရှောင်ပြည်သူတွေက စားနပ်ရိက္ခာရယ်၊ အဝတ်အစားရယ်၊ ဆေးဝါးရယ် အဲ့ဒီ ၃ ခုကတော့ လိုအပ်တယ်” ဟု ပြောသည်။

စစ်ရှောင်ပြည်သူ အမျိုးသမီးများနှင့် ကလေးသူငယ်များအတွက် လိုအပ်နေသည့် ဆေးဝါးနှင့် စားနပ်ရိက္ခာများကို ပြည်သူများအနေဖြင့် ကူညီပေးရန် ယင်းမာပင် – ဆားလင်းကြီး လက်နက်ကြီး မဟာမိတ်တပ်ပေါင်းစုက တောင်းဆိုသည်။

အဆိုပါ ယင်းမာပင်မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူ ၁ ထောင်ကျော်မှာ ကျောင်းမှော်၊ ကျွန်းဘော်၊ ကျောက် ကုန်း၊ ကြက်ရှောင်၊ အင်းပတ်၊ ခြံကုန်း၊ နလဘို့ စသည့် ကျေးရွာများမှ ပြည်သူများ ဖြစ်ကြသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here