မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းနယ်စပ်ရှိ မလွှဲတောင် စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှု ပိုတင်းကြပ်လာပြီး ငွေတောင်းခံမှုလည်း များလာသည်ဟု ခရီးသွားများနှင့် ကားသမားများထံမှ သိရသည်။
မလွှဲတောင် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစုတို့မှ မြို့ပြစစ်ဆင်ရေး ပြုလုပ်မည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် စစ်ကောင်စီဘက်က စစ်ဆေးမှု ပိုမိုတင်းကြပ်ထားခြင်းဖြစ်သလို ခရီးသွား ပြည်သူများထံမှ ငွေတောင်းခံမှုလည်း ပိုများလာသည်ဟု ထားဝယ်မှ ခရီးသွားပြည်သူတစ်ဦးက ပြောသည်။
“အခုချိန်မှာ ပစ္စည်းသယ်လို့ လွယ်တာဆိုရင် ဘာမရှိတော့ဘူး။ ကားအနောက်မှာ ဆန်တွေ အများကြီးတင်ရင် သူတို့(စစ်ကောင်စီတပ်သား) စစ်ပြီး၊ ဘာလို့ ဆန်တွေအများကြီးသယ်လဲ၊ အဲလိုမျိုးတွေ စရစ်တယ်။ သယ်လို့ကို မလွယ်တော့ဘူး။ တချို့ကားဆရာတွေက စကားအများကြီးမပြောချင်တော့ ငွေပေးဆောင်လိုက်တာ။ ပစ္စည်းမှ မဟုတ်ပါဘူး လူတွေလည်းအဲလိုပဲ။ အထက်က ဥပမာ-စစ်ကိုင်းတို့ မုံရွာတို့ကနေ ခရီးသည်တွေ ပါနေရင် ကားတစ်စီးလုံးကို မသွားခိုင်းတော့ဘူး။ လမ်းဘေးမှာ ထိုးရပ်ပြီးတော့ မသွားနဲ့တော့။ ဘယ်နှစ်ရက်လောက် နေရမလဲ ဆိုတာကို သူတို့( စစ်ကောင်စီတပ်သား) တွေကို သွားမမေးနဲ့။ ပေးနေရင် နေလိုက်။ အဲလိုမျိုး နှစ်ခါ ကြုံခဲ့တယ်” ဟု ၎င်းက ပြောသည်။
ထိုသို့စစ်ဆေးမှုပြုရာတွင် အမျိုးသားများကို အဓိက တင်းကြပ်စစ်ဆေးနေပြီး မင်္သကာသူတွေ့ရှိလျှင် ဖမ်းဆီးတာတွေ ရှိသည်ဟု ခရီးသွားများထံမှ သိရသည်။
ယခုလို စစ်ဆေးမှုများ ပိုမိုတင်းကြပ်လာသည့်အတွက် မလွဲတောင် စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းသွားလာရန် စိုးရိမ်ပူပန်နေရသည်ဟု ထားဝယ်မြို့ခံ လူငယ်တစ်ဦးက ပြောသည်။
“အခုက ပြည်သူတွေ ခရီးသွားရင် မလွှဲတောင်ဂိတ်ကိုဖြတ်ဖို့ တော်တော်လေးကို စိုးရိမ်ပူပန်းမှု ရှိနေတာပေါ့နော်။ ဘာလို့လဲဆိုတော့ သူတို့က သူတို့ ပါးစပ်ထဲမှာ တစ်ခုခုမှားရင် ပုဒ်မတွေနဲ့ အမည်တပ်လို့ ရတယ်။ အဲ့ကြောင့် လူတိုင်းက ကြောက်ရွံ့နေကြတယ်။ တော်ရုံတန်ရုံဆို ခရီးမသွားချင်တော့ဘူး။ ပြီးတော့ သူတို့ ပြစ်မှတ်ထားတာ က ယောက်ျားလေးတွေပေါ့နော်။ ယောက်ကျားလေးတွေ အကုန်လုံးက pdf တွေလို့ သူတို့တွက်ထားကြတာ။ အဲ့ကြောင့် ခရီးသွားရင် ယောကျာ်းလေးတွေဆို လုံးဝကို လုံခြုံမှု မရှိတော့ဘူး” ဟု ၎င်းက ပြောသည်။
မလွှဲတောင် စစ်ဆေးရေးဂိတ်အပြင် မွန်-တနင်္သာရီ ကားလမ်းတလျှောက်တွင် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း စစ်ဆေးရေးဂိတ်များ တိုးလာကြောင်းနှင့် လက်ရှိတွင်လည်း စစ်ဆေးမှုများ ပိုမိုတင်းကြပ်လာသည့် အပြင် ဖြတ်သန်းသွားလာနေသည့် ကားများ၊ ခရီးသည်များအပေါ် ငွေတောင်းခံမှုများလည်း ရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။
ယခုစက်တင်ဘာ လဆန်းပိုင်းမှ စပြီး တနင်္သာရီမြို့နယ် အဝင်အထွက် လမ်း၊ တံတားများတွင် ည ၈ နာရီမှ နံနက် ၄ နာရီ အထိ လူနာတင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို စစ်ကောင်စီတပ်က ပိတ်ပင်တားမြစ်ထားကြောင်း ဒေသခံများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များက ပြောသည်။
IMNA ပေးပို့သည်။