မွန်မှာ စစ်မှုထမ်း ပေးဖို့ အုပ်ချုပ်ရေးမှူးတွေ ဆက်တိုက်ခြိမ်းခြောက်ခံနေရတယ်လို့ဆို

By MPM 11 မတ်, 2026 👁 1

မွန်ပြည်နယ်မှာ အခုမတ်လအတွင်း ဖွင့်လှစ်မယ့် ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂၃ သင်တန်းအတွက် စစ်မှုထမ်းပေးဖို့ ဆက်တိုက်ခြိမ်းခြောက်ခံနေရတယ်လို့ အမည်မဖော်လိုတဲ့ အုပ်ချုပ်ရေးမှူးတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်ဟာ လာမယ့် ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂၃ သင်တန်းကို မတ်လတတိယအပတ်အတွင်း ဖွင့်လှစ်သွားဖို့ စီစဉ်ထားပြီး အဲဒီသင်တန်းအတွက် အုပ်ချုပ်ရေးမှူးတွေကို စစ်မှုထမ်းတပ်သား စုဆောင်းပေးဖို့ ဖိအာပေးနေတာပါ။

အမည်မဖော်လိုတဲ့ အုပ်ချုပ်ရေးမှူးတွေရဲ့ ပြောပြချက်အရ ရပ်ကွက်ကျေးရွာ တစ်ခုလျှင် အနည်းဆုံး စစ်မှုထမ်းတပ်သား ရှစ်ဦးကနေ ၁၀ ဦးအထိ မပေးထားတဲ့ အုပ်ချုပ်ရေးမှူးတွေကို ဆက်တိုက်ဖိအားပေးနေတာ ဖြစ်ပါတယ်။

စစ်မှုထမ်း တပ်သား စုဆောင်းပေးဖို့ ဖိအားပေးရာမှာလည်း စစ်မှုထမ်းမပေးနိုင်တဲ့ အုပ်ချုပ်ရေးမှူးတွေကို ရာထူးကနေ ဖြုတ်ချမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်ရဲ့ ဖိအားပေးမှုကြောင့် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးဟာ စစ်ကော်မရှင်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြောင်းပြချက် အမျိုးမျိုးနဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ လူငယ်တွေကို ငွေကျပ်သိန်း ၅၀ ကနေ သိန်း ၈၀ အထိ ပေးပြီး စစ်မှုထမ်းအတွက် လိုက်လံဝယ်ယူနေကြတယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ်ရဲ့ စုံစမ်းမေးမြန်းမှုတွေအရ စစ်ကော်မရှင်ရဲ့ တပ်ရင်းနဲ့ သက်ဆိုင်ရာ ရဲစခန်းအသီးသီးမှာ စစ်မှုထမ်းအတွက် တစ်လလျှင် အနည်းဆုံး လူငယ်လေးဦးကနေ ၁၀ ဦးအထိ ဖမ်းဆီးကာ စစ်မှုထမ်းတပ်သားအဖြစ် ကြိုတင်စုဆောင်းခံထားရပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၂ အထိ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ် ၄၅၀၀ ထက်မနည်း စစ်သားစုဆောင်းခံထားရပါတယ်။

သံလွင်တိုင်းမ်