မွန်ပြည်သစ်ပါတီ မူးယစ်ဆေးထိန်းချုပ်ကုသရေးစခန်းတွင် အစားအသောက်ခက်ခဲနေဟုဆို

By MPM 11 မတ်, 2025 👁 4

မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် မူးယစ်ဆေးဝါးထိန်းချုပ်ကုသရေးစခန်းတွင် ရောက်ရှိနေသည့် မူးယစ်ဆေးစွဲသူတို့ကို ၎င်းတို့ မိဘအုပ်ထိန်းသူတို့မှ အဆက်သွယ်ဖြတ်ထားသည့်အပြင် အလှူရှင်မရှိခြင်းကြောင့် စားသောက်ရေး ခက်ခဲနေကြောင်း သိရသည်။

ထားဝယ်ခရိုင် မူးယစ်ဆေးထိန်းချုပ်ကုသရေးစခန်းတွင် အကြောင်းအမျိုးမျိုးကြောင့် မူးယစ်ဆေးဝါးစွဲလမ်း၍ မွန်ပြည်သစ်မှ ဖမ်းဆီးထားသူတို့အပြင် ဆေးဖြတ်ရန် မိဘအုပ်ထိန်းသူတို့မှ လာရောက်ပို့ဆောင်ထားသည့် မူယစ်ဆေးစွဲသူ ၁၀၀ ဝန်းကျင်ကို လက်ရှိတွင် ထိန်းသိမ်းစောင့်ရှောက်ထားသည်ဟု ဆိုသည်။

မူယစ်ဆေးစွဲသူတို့ကို မိဘအုပ်ထိန်းသူတို့မှ မွန်ပြည်သစ်ပါတီ မူးယစ်ဆေးထိန်းချုပ် ကုသပေးနေသည့်ဌာနမှ တာဝန်ရှိသူတို့ထံ လာရောက်အပ်နှံသည့်ရက်မှစ၍ အဆက်သွယ်ဖြတ်တောက်ထားသည့်အပြင် အဆက်အသွယ်ရှိနေသူတို့မှလည်း လစဉ်စားသောက်စရိတ် မပေးသွင်းနိုင်သဖြင့် အခက်ခဲပိုများနေကြောင်း ထားဝယ်ခရိုင် မူးယစ်ဆေး ထိန်းချုပ်ကုသရေးစခန်းနှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။

“ဝင်ငွေကနည်းပြီး ထွက်ငွေကများနေတာ ဈေးနှုန်းကလည်းကြီးတော့ တချို့ကအပ်ထားပြီးတော့ ပစ်ထားတယ်။ အဆက်သွယ်လည်း မလုပ်ဘူး။ သူတို့ဆီကို အဆက်သွယ်ယူလို့လည်း မရဘူး။ အဲ့ဒါကြောင့် အခက်ခဲက ပိုများလာတယ်။ တချို့က ကျန်းမာရေးမကောင်းတော့ ဆေးဖိုးနဲ့ဆို ပိုပြီးတော့တောင် အခက်ခဲရှိတယ်” ဟု ၎င်းက ဆိုသည်။

နွေရာသီသို့ ရောက်ရှိလာသဖြင့် မူယစ်ဆေးထိန်းချုပ်ကုသရေး ဌာနတဝိုက် စိုက်ပျိုးထားသည့် စိုက်ခင်းမှ ဟင်းသီးဟင်းရွက်တို့ဖြင့် စားသောက်ရန် မလုံလောက်ဖြစ်လာသလို ပြီးခဲ့သည့် ဇန်နဝါရီအတွင်း ဖြစ်ပွားခဲ့သည့် ကျုံလောင်းတိုက်ပွဲစ၍ စစ်ကောင်စီက စားနပ်ရိက္ခာတင်သွင်းခွင့် ကန့်သတ်ထားမှုကြောင့် ပိုမိုခက်ခဲလာကြောင်း မူးယစ်ဆေး ထိန်းချုပ်ကုသရေးစခန်းနှင့် နီးစပ်သူက ဆက်ပြောသည်။

ဌာနအတွင်း စားသောက်စရိတ်နှင့် ဆေးဝါးအခက်အခဲ ရင်ဆိုင်နေရသော်လည်း မူယစ်ဆေးဖြတ်ရန် လာရောက်သည့်သူတို့ကို ဆက်လက်လက်ခံနေဆဲဖြစ်ပြီး ပြန်လည်ထူထောင်ရေး လုပ်ဆောင်ပေးနေဆဲဖြစ်သည်ဟု ဆိုသည်။

“လာအပ်တဲ့သူတွေကိုတော့ လက်ခံနေဆဲပဲပေါ့နော်၊ သဘောတရား ဖြစ်တည်မှုတွေ လိုက်နာရမဲ့ စည်းကမ်းတွေကို ရှင်းပြပြီး ပုံမှန်ပဲ လက်ခံနေဆဲပဲ” ဟု ၎င်းက ပြောသည်။

ထို့အခြေအနေကြောင့် ယခုအခက်အခဲကို မွန်မိဘပြည်သူနှင့် မူးယစ်ဆေးဝါးထိန်းချုပ်ကုသရေးကမ္မတီတို့အပြင် မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီအထိ ဝိုင်းဝန်းအဖြေရှာသင့်ကြောင်း ၎င်းက ဆက်တိုက်တွန်းပြောသည်။

အဆိုပါထားဝယ်ခရိုင် မူးယစ်ဆေးဝါး သိမ်းထိန်းကုသရေးစခန်းတွင် မွန်လူမျိုးသာမက ဗမာနှင့် ထားဝယ်လူမျိုးတို့လည်း ရှိပြီး အသက်အပိုင်းအခြားအလိုက် ၁၃ နှစ်မှ ၆၅ နှစ်အရွယ်အထိ ရှိနေပြီး မူးယစ်ဆေးစွဲသူတစ်ဦးကို အချိန်ကာလ ၆ လမှ တစ်နှစ်အထိ ထိန်းသိမ်းကုသထားရသည်ဟု သိရသည်။

မွန်ပြည်နယ်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးဝါးများကို ဈေးပေါပေါဖြင့် စားသောက်ကုန် တစ်ခုကဲ့သို့ အလွယ်တကူ ဝယ်ယူရရှိနေသည့်အတွက် မူးယစ်ဆေးဝါးသုံးစွဲသူများလာသည်ဟု မူးယစ်ဆေးဝါးအရေး လှုပ်ရှားနေသူတို့က ပြောသည်။

မွန်ပြည်သစ်ပါတီသည် မူးယစ်ဆေးစွဲနေသူများကို ဆေးဖြတ်စခန်းတို့တွင် ထိန်းသိမ်းပြီး ပြည်လည်ထူထောင်မှု လုပ်နေသည့်အပြင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးရောင်းဝယ်သူများကိုလည်း ပြစ်ဒဏ်ချမှတ်ပြီး အရေးယူမှုများလည်း လုပ်ဆောင်နေသည်ဟု မွန်ပြည်သစ်ပါတီတာဝန်ရှိသူတို့ထံမှ သိရသည်။

IMNA ပေးပို့သည်။