ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅၀၅ (က) နှင့် တရားရင်ဆိုင်နေရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်အတွင်းမှ ဒေသခံသုံးဦးမှာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ-၁၇ (၁) ဖြင့် ထပ်တိုး တရားစွဲဆိုခံထားရကြောင်း ၎င်းတို့၏ မိသားစုဝင်များကပြောသည်။
မြောက်ဦးမြို့၊ ကျောက်ရစ်ကေရပ်ကွက်မှ ကိုကျော်ဝင်းလှိုင်၊ ဗန္ဓုလရပ်ကွက်မှ ကိုကိုညွန့်နှင့် တိမ်ညိုကျေးရွာမှ ကိုပြည်စုံဝင်းတို့ကို ပုဒ်မ- ၁၇(၁) ဖြင့် ထပ်တိုးတရားစွဲခံထားရသည်ကို မိသားစုဝင်များမှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ ရုံးချိန်းတွင် သိရှိခဲ့ရခြင်းဖြစ်သည်။
“မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ- ၁၇(၁) နဲ့ဆိုပြီး အမှုတစ်ခု ထပ်တိုးလာတယ်။ အဲဒီအမှုနဲ့ပတ်သက်ပြီး စိစစ်တာတွေ၊ ဘာတွေ မရှိသေးဘူး။ အဲဒီအမှုမှာ တရားလိုကဘယ်သူ၊ သက်သေဘယ်နှစ်ယောက် ဆိုတာလည်း ဘာမှမသိရသေးဘူး။ သူတို့ကတော့ အဲဒီအမှုနဲ့ပတ်သက်ပြီး အစည်းအဝေးထိုင်နေတုန်းပဲလို့ ပြောပါတယ်” ဟု ကိုကျော်ဝင်းလှိုင်၏ ဇနီး မလှလှမြင့်က DMG သို့ ပြောသည်။
၂၀၂၂ ခုနှစ် (ဇွန်လ ၂၁ ရက်) က မြောက်ဦးမြို့မှ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) တပ်ဖွဲ့ဝင်သုံးဦးကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးခဲ့ပြီး နောက်တစ်နေ့ (ဇွန်လ ၂၂ ရက်) တွင် ကိုကျော်ဝင်းလှိုင်၊ ကိုကိုညွန့်နှင့် ကိုပြည့်စုံဝင်းတို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။
၎င်းတို့သုံးဦးကို စရဖတပ်ဖွဲ့မှ ဗိုလ်ကြီး ကျော်ကျော်မင်းက တရားလိုပြုလုပ်ကာ ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅(က) နှင့် မြောက်ဦးမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားသည်။
ယင်းအမှုတွင် တရားလိုသက်သေ ၆ ဦးအနက် ၄ ဦးကို စစ်ဆေးပြီးဖြစ်ကာ လာမည့်ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ထပ်မံရုံးချိန်းထားကြောင်း သိရသည်။
ယခင်ကတည်းက သံသယဖြင့်ဖမ်းဆီးခံရကာ ၅၀၅(က) နှင့် မတရားသဖြင့် စွပ်စွဲခံနေရချိန်တွင် နောက်ထပ် မတရားအသင်းဆက်သွယ်မှုနှင့် ထပ်တိုးတရားစွဲဆိုလာခြင်းမှာလည်း မတရားစွပ်စွဲခံရခြင်းသာ ဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။
“၁၇(၁) နဲ့ဆိုပြီး အမှုတစ်ခုထပ်တိုးတယ်ဆိုပြီး တရားရုံးက သိထားရတယ်။ သူတို့ ပထမက- ၅၀၅(က) နဲ့ တရားစွဲထားပြီးရင် AA နဲ့ ဆက်သွယ်တယ်၊ AA က လူတွေကို ထောက်ပံ့တယ်ဆိုပြီး အဲဒါတွေနဲ့ စွဲထားတာလေ။ ကျနော့်သားက အဲလိုတွေ ထောက်ပံ့ဆက်သွယ်တာတွေ မရှိဘူး” ဟု ကိုကိုညွန့်၏ဖခင် ဦးကျော်ညွန့်က ပြောသည်။
အလားတူ မြောက်ဦးမြို့ လက်ကောက်ဈေးရပ်ကွက်တွင် နေထိုင်သည့် အလွတ်တန်းသတင်းထောက် ကိုဖိုးသီဟ (ခ) ကိုမြတ်သူထွန်းနှင့် မြောက်ဦးမြို့၊ တောင်ရပ်ရပ်ကွက်မှ ကိုရင်ဆို့ (ခ) ကိုကျော်ဇံဝေ တို့ကိုလည်း ပုဒ်မ- ၅၀၅(က) ဖြင့် စစ်ကောင်စီက တရားစွဲဆိုထားသည်။
ပုဒ်မ-၁၇(၁) သည် ၂ နှစ်ထက်မနည်း ၃ နှစ်ထက်မပိုသည့် ထောင်ဒဏ်ချမှတ်ခံရနိုင်ပြီး ပုဒ်မ-၅၀၅(က) သည် ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ခံရနိုင်ကြောင်း ဥပဒေတွင်ပြဌာန်းထားသည်။
အောင်ထိန်(DMG) – ပေးပို့သည်။