မြေမြှုပ်မိုင်းနှင့် လက်နက်ကြီးထိမှန်မှုကြောင့် အရပ်သား ၃ ဦးထိခိုက်ဒဏ်ရာရ

By MPM 20 မေ, 2025 👁

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် ၅ ရက်အတွင်း မြေမြှုပ်မိုင်းနှင့် လက်နက်ကြီးထိမှန်မှုကြောင့် အရပ်သား ၃ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု မွန်မြတ်စေတနာလူမှုကယ်ဆယ်ရေးအသင်းထံက သိရသည်။

မေလ ၁၆ ရက်နေ့ ည ၇ နာရီဝန်းကျင်က ဝိုင်းမော် အမှတ် ၂ ရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၂ နှစ်အရွယ် ကိုအားမူတားဆိုသူသည် မဒိန်ကျေးရွာဘက် လမ်းလျှောက်ထွက်ချိန် မြေမြှုပ်မိုင်းနှင်းမိပြီး ညာဖက်ခြေထောက် ပြတ်သွားခဲ့ခြင်းဖြစ်သည်။

အလားတူ မေလ ၁၈ ရက်နေ့ ည ၈ ခွဲဝန်းကျင်က ဝိုင်းမော်မြို့နယ်၊ စန်းကားကျေးရွာအုပ်စု နိခူဒီးကျေးရွာတွင် နေထိုင်သည့် အသက် ၁၀ နှစ်အရွယ်ကလေးငယ်မှာ လက်နက်ကြီးထိမှန်ပြီး ကြောနောက်ကျောဘက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကယ်ဆယ်ရေးလုပ်ကိုင်သူတို့ထံက သိရသည်။

ယင်းအပြင် ဝိုင်းမော်မြို့တွင်ဆေးဝါးကုသပြီး နောင်စီပေါ်ကျေးရွာကို ပြန်လာသည့် အသက် ၆၅ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးလည်း ခတ်ချိုကျေးရွာအရောက် လမ်းခုလပ်တောတွင်းတနေရာတွင် လက်နက်ကြီးထိမှန်ခဲ့သည်ဟု မွန်မြတ်စေတနာလူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

“ကလေးလေးကတော့ ကျောကတော့ စိုးရိမ်ရတယ်၊ အဆုပ်ထိတယ်။ ဟိုတစ်ယောက်ကတော့ မြေမြှုပ်မိုင်းနှင်းမိတာဆိုတော့ ခြေထောက်ပြတ်သွားတာပေါ့” ဟု မွန်မြတ်စေတနာလူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိခိုက်ဒဏ်ရာရရှိတဲ့သူများကို မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးထံ လွှဲပြောင်းပေးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိ၌ ဝိုင်းမော်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်အကြား စစ်ရေးတင်းမာနေပြီး ထိတွေ့တိုက်ပွဲ မကြာခဏဖြစ်နေပြီး နှစ်ဖက်တပ်အကြား လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်ဒဏ်ရာရသူရှိနေကြောင်း သိရှိရသည်။

ခတ်ချိုရွာခံ အမျိုးသမီးတစ်ဦးက “ရွာထဲမှာ (လက်နက်ကြီး) ကျတာတော့ မရှိသေးဘူး။ ခုအဖြစ်များတာက ငှက်ပျောခြံနဲ့ ရွာအပြင်ဘက် ကျတာများတယ်” ဟု ပြောပါသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မတ်လ ၇ ရက်နေ့တွင်စတင်သော KIA ပူးပေါင်းတပ်၏ စစ်ဆင်ရေးနောက်ပိုင်း ဝိုင်းမော်မြို့နယ်အတွင်းရှိ ဒေသခံအများစုမှာ နေရပ်စွန့်ခွာသွားသော်လည်း ဝိုင်းမော်နယ်ဘက်ရှိ ငှက်ပျောခြံများတွင် လာရောက်လုပ်ကိုင်ကြသည့် မြန်မာပြည်အောက်ပိုင်းက ရွှေ့ပြောင်းလုပ်သား များစွာရှိနေသည်ဟု ဆိုသည်။

နှစ်ဖက်တပ်အကြား အပြန်အလှန်ပစ်ခတ်ချိန် (သို့) စစ်ကောင်စီတပ်ဘက်က တဖတ်သတ်ပစ်ခတ်ချိန်တွင် ငှက်ပျော်ခြံများနှင့် ရွာအတွင်း လက်နက်ကြီးကျပေါက်ကွဲကာ လက်နက်ကြီးထိမှန်သေဆုံးမှုလည်း ခပ်စိပ်စိပ်ဖြစ်ပွားနေကြောင်း သိရသည်။

KNG ပေးပို့သည်။