မြိုင်မှာ စစ်ကောင်စီစျေးဝယ်ကားမိုင်းဆွဲခံရ ထိခိုက်သေဆုံးရှိနိုင်

By MPM 22 ဒီဇင်ဘာ, 2022 👁

မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ စီးလာတဲ့ကားကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ မြိုင် ပကဖ တပ်ရင်း (၁) က ဗိုလ်လက်ျာက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၁၇) ရက်နေ့ မနက်ပိုင်းက သရတ်ကွကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတွေလိုက်ပါလာတဲ့ ကားကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီနဲ့ ပျူစောထီးတွေလိုက်ပါလာတဲ့ ကားကို ဝက်ကျုံးရွာ ဆည်အနီးမှာ ရှေ့ထွက်ပြောင်းတွေနဲ့ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က တိုက်ခိုက်ခံရတာကြောင့် မိနစ် (၃၀) လောက် ရမ်းသမ်းပစ်ခတ်ခဲ့တာတွေရှိခဲ့တယ်လို့ ဗိုလ်လက်ျာက ပြောပါတယ်။

ဒါ့ပြင် အဲဒီစစ်ကြောင်းကို ပေပါမိုင်းတွေနဲ့ ထပ်မံတိုက်ခိုက်ခဲ့တဲ့အတွက် ကားက ရှေ့ဆက်သွားလို့မရတော့တဲ့ အခြေအနေရှိခဲ့တယ်လို့ သူက ပြောပါသေးတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူတွေကို မြိုင်ဘက်က စစ်ကူလာတဲ့ကားနဲ့ သယ်ဆောင်သွားကာ မိုင်းဆွဲခံရလို့ ပျက်စီးသွားတဲ့ကားကိုတော့ မြိုင် အ.ထ.က (၁) ကျောင်းမှာ ထားခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို မြိုင် ပ.က.ဖ တပ်ရင်း (၁) က အနီးကပ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းတွေ သိမ်းယူလို့ရနိုင်ပေမယ့် စစ်ကူလာတဲ့စစ်ကြောင်းကြော့ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

မကွေးတိုင်းမှာ စစ်ကောင်စီ တပ်တွေက ပြည်သူပိုင်ကျေးရွာတွေကို နေ့စဉ်လိုလို မီးရှို့ဖျက်ဆီးတာတွေလုပ်ဆောင်နေတဲ့အတွက် ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီ စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်တာ အနီးကပ်ပစ်ခတ်တာခိုက်တာတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် စစ်ကောင်စီဘက်က နေ့စဉ်လိုလို ထိခိုက်သေဆုံးတာတွေရှိနေသလို ပြည်သူ (၁) သိန်းကျော်ဟာလည်း စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

သံလွင်တိုင်မ်း – ပေးပို့သည်။