မြိုင်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးပြီး အရှင် ၅ ဦး ဖမ်းမိ

By MPM 23 ဩဂုတ်, 2024 👁

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရွာသစ်ကျေးရွာတွင် အခြေချသည့် စစ်ကောင်စီစစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့များက ခြုံခိုတိုက်ခိုက်ခဲ့ရာ၌ တပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးပြီး စစ်သုံ့ပန်း ၅ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မြိုင် ပကဖက သတင်းထုတ်ပြန်သည်။

“ကိုင်းတောမရွာသစ်ကျေးရွာမှာ အခြေချပြီး အနီးနား ပတ်ဝန်းကျင်ကျေးရွာတွေကို ခိုးဆိုးလုယက်၊ မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက် စကစခွေးစစ်ကြောင်းကို မနေ့ (သြဂုတ် ၂၁ ရက်) က ခြုံခိုတိုက်ခိုက်ခဲ့တာပါ။ စကစ အများအပြား သေဆုံးထိခိုက်ပြီး ရန်သူ့လက်နက်မျိုးစုံ သိမ်းဆည်းရမိခဲ့ပါတယ်” ဟု မြိုင်ပကဖ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သြဂုတ် ၂၁ ရက်က အဆိုပါစစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီစစ်ကြောင်းမှ အလောင်း ၁၂ လောင်းကို ရရှိခဲ့ပြီး တပ်ဖွဲ့ဝင် ၅ ဦးက ကာကွယ်ရေးအဖွဲ့များထံ အညံ့ခံခဲ့ကြောင်း သိရသည်။

ယင်းစစ်ကောင်စီစစ်ကြောင်းထံမှ MA1 – ၆ လက်၊ MA2 – ၃ လက်၊ MA3 – ၄ လက်၊ MA4 – ၁ လက်၊ MA11 – ၁ လက်၊ G3 – ၂ လက်၊ 79MM – ၁ လက်၊ BA100 (၆၀ မမ) – ၁ လက်၊ G3 ကျည် ၁၉၂ တောင့်၊ MA ကျည် ၈၆၇ တောင့်၊ ၉ မမကျည် ၁၉၆ တောင့်၊ ၆၀ မမ အဖူး ၁ ဖူး၊ ၈၁ မမ အဖူး ၅ ဖူး၊ ၄၀ မမအဖူး ၁၂ ဖူး၊ အီနာဂါ ၃ ဖူး၊ RPG အဖူး ၃ ဖူး၊ လက်ပစ်သီး ၃ လုံးနှင့် အခြားပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

ထိုတိုက်ခိုက်မှုကို မြိုင်ပကဖ၊ ပခုက္ကူခရိုင်တပ်ရင်းအမှတ် (၂ ၊ ၆ ၊ ၇) တပ်ရင်းများ၊ ပကဖတပ်ပေါင်းစု အမှတ် (၁) တပ်ရင်း၊ ပခုက္ကူစုဖွဲ့မှု (Earthquake ၊ PPDF ၊ Young Force)၊ အညာမြေတပ်ပေါင်းစု၊ ကမ္မတပ်ပေါင်းစု၊ BLY တပ်ဖွဲ့ ၊ PKU- THURAIN ၊ စကြာ ပြည်သူ့ကာကွယ်‎ရေးတပ်ဖွဲ့ ၊ ဝံပုလွေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဂဠုန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြိုင်)၊ အလင်းတန်း ပြောက်ကျားတပ်ဖွဲ့၊ PLC တပ်ပေါင်းစု ၊ ဓားမင်းကြီးတပ်ဖွဲ့၊ Justice Revolution Force နှင့် ဒေသတွင်း လက်နက်ကြီးငယ်အဖွဲ့များ၊ ဒရုန်းတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။