မြိတ်ပင်လယ်ပြင်တွင် စစ်ကောင်စီတပ်နဲ့ ကျွန်းစုပကဖတို့ တိုက်ပွဲဖြစ်ပွား

By MPM 18 မတ်, 2025 👁 2

တနင်္သာရီတိုင်း မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်းရှိ ပင်လယ်ပြင်တွင် စစ်ကောင်စီတပ်နှင့် ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ မတ်လ ဒုတိယပတ်ထဲတွင် နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ကျွန်းစုမြို့နယ်၊ ဝန်တောင်ကျေးရွာကို ကျွန်းစုပကဖအဖွဲ့က ခရီးထွက်ခွာလာချိန် မိုင်းတွေးကျေးရွာက ပျူစောထီးများအပါအဝင် စစ်ကောင်စီအင်အား ၆၀ ခန့်နှင့် ပင်လယ်ပြင်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု မတ်လ ၁၅ ရက်နေ့တွင် ကျွန်းစုပကဖသတင်းထုတ်ပြန်ခဲ့သည်။

ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကနေ စစ်သင်္ဘော အမှတ် 114 အပါအဝင် သင်္ဘော ၂ စီး၊ စက်လှေ (ဒေသအခေါ် သားပေါက်) ၂ စီးနှင့် ပျူစောထီးပိုင် ဖိုင်ဘာလှေငယ် ၃ စီးတို့ဖြင့် ပါဝင်တိုက်ခိုက်ခဲ့ပြီး မတ်လ ၁၃ ရက်နေ့၊ ည ၇ နာရီခန့်တွင် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ကျွန်းစုပကဖအဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက “စစ်သင်္ဘောတွေကနေ ပွိုင့်ဖိုက်နဲ့လည်း ပစ်တယ်၊ ပင်လယ်ပြင်ထဲမှာ PDF တွေ လာမယ်ဆိုတာကို သတင်းကြိုရထားလို့ စောင့်နေတာဖြစ်နိုင်တယ်” ဟု ပြောသည်။

ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်ကထိခိုက်မှုကို စုံစမ်းနေဆဲဖြစ်ပြီး ကျွန်းစု-ပကဖ ဘက်တွင် ထိခိုက်မှု တစုံတရာမရှိကြောင်း ကျွန်းစုပကဖအဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောဆိုသည်။

ကျွန်းစုမြို့နယ်၏ နယ်မြေအများစုမှာ ပင်လယ်တွင်းရှိ ကျွန်းများဖြစ်ကြသည်။

ထိုသို့ ပစ်ခတ်မှုဖြစ်ပွားပြီးသည့်နောက် ကံမော်ကျေးရွာက ပျူစောထီးများ မိုင်းတွေးကျေးရွာတွင် လာရောက်ပူးပေါင်းခဲ့သေးကြောင်း ဒေသခံရွာသားတစ်ဦးက ပြောသည်။

လက်ရှိတွင် ဝန်တောင်ကျေးရွာအနီး၌ စစ်သင်္ဘောတစ်စင်းသာ ချန်နေခဲ့ပြီး ကျန်သည့်စစ်သင်္ဘောနှင့် လှေငယ်များ ပြန်လည်ဆုတ်ခွာသွားပြီဖြစ်ကြောင်း ရွာသားများ ပြောဆိုမှုအရ သိရသည်။

NMG ပေးပို့သည်။