မြိတ်နှင့်ထားဝယ်ထောင်မှ နိုင်ကျဉ်း ၈ ဦး လွတ်မြောက်

0
238
ပုံစာ - မြိတ်အကျဉ်းထောင်မှ အကျဉ်းသူအကျဉ်းသားများ ပြန်လွတ်လာပုံ (ပုံဟောင်းဖြစ်သည်)

မြိတ်အကျဉ်းထောင်နှင့် ထားဝယ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၈ ဦး လွတ်မြောက်လာခဲ့သည်ဟု အကျဉ်းဦးစီးနှင့် နီးစပ်သူများက ပြောသည်။

စစ်ကောင်စီက ၇၇ နှစ်မြောက် လွပ်လပ်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်ငြိမ်း ချမ်းသာခွင့်ပေးခဲ့ရာတွင် တနင်္သာရီတိုင်းအတွင်းရှိ မြိတ်အကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသား ၆ ဦး ပြန်လည် လွတ်မြောက်ခဲ့​သည်ဟု မြိတ်အကျဥ်းထောင်မှအရာရှိတစ်ဦးက ပြောသည်။

မြိတ်အကျဥ်းထောင်မှ အကျဥ်းသား၊ အကျဥ်းသူစုစုပေါင်း ၃၂ ဦး ပြန်လည်လွတ်မြောက်လာရာတွင် နိုင်ငံရေး အကျဥ်းသား ၃ ဦးနှင့် အကျဥ်းသူ ၃ ဦးသာ ပါရှိခဲ့သည်။

မြိတ်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဥ်းသားများထဲတွင် တနင်္သာရီမြို့နယ်မှ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသူ မဝါဝါမြင့်၊ ပုလောမြို့နယ်မှ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရသူ မသီသီချိုနှင့် ထောင်ဒဏ် ၃ နှစ်ကျခံထားရသည့် ဒေါ်အေးအေးဝင်းတို့ဖြစ်ပြီး အမျိုးသား ၃ ဦးကိုမူ စိစစ်နေဆဲဖြစ်ကြောင်း အကျဥ်းထောင်အရာရှိတစ်ဦးက ဆိုသည်။

အလားတူ ထားဝယ်အကျဥ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နိုင်ငံရေးအကျဥ်းသား ၂ ဦး အပါအဝင် အကျဥ်းသား ၁၃ ဦး လွတ်မြောက်လာသည်ဟု အကျဥ်းဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

လွတ်မြောက်လာသည့် နိုင်ငံရေးအကျဥ်းသားများမှာ လောင်းလုံးမြို့နယ်အတွင်းမှ နိုင်ငံရေးအကျဥ်းသူ မဝင်းဝင်းအိနှင့် ထားဝယ်မြို့မှ နိုင်ငံရေးအကျဥ်းသား ကိုဖြိုးထိုက်ဇော်တို့ ဖြစ်သည်။

ပြန်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဥ်းသူမှာ အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၀-ည ဖြင့် ထောင်ဒဏ်ဆယ်နှစ် ကျထားသူဖြစ်ပြီး နိုင်ငံ​ရေးအကျဥ်းသားက ပုဒ်မ ၅၀၅-က နှင့် ထောင်ဒဏ်သုံးနှစ် ကျခံထားရသူဖြစ်သည်။

ထားဝယ်အကျဥ်းထောင်တွင် နိုင်ငံရေး အကျဥ်းသား ၄၀၀ ကျော်အပါအဝင် အကျဥ်းသား စုစုပေါင်း တစ်ထောင်ကျော်ရှိကြောင်း သိရသည်။

ထားဝယ်အကျဉ်း​ထောင်တွင် အကျဉ်းကျနေသည့် နိုင်ကျဉ်းတစ်ဦး၏ မိခင်က “လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ် ကြားလို့ မနက်အစောကြီးကတည်းက အားရဝမ်းသာသွားစောင့်နေတာ၊ အိမ်ကသားလည်း မပါလာဘူး။ ကိုယ့်လိုပဲ နိုင်ငံရေးအကျဥ်းသားမိသားစုတွေနဲ့ တခြားအကျဥ်းသား မိသားစုတွေအတော်များများ စောင့်နေကြတာ” ဟု ပြောသည်။

ယခုလွှတ်ပေးခဲ့သည့် အကျဉ်းသား၊ အကျဉ်းသူများ နောက်တကြိမ် ပြစ်မှုကျူးလွန်ခဲ့ပါက အဆိုပါကျူးလွန်ခဲ့သည့် ပြစ်မှုအပြင် လက်ရှိကျခံရန် ကျန်နေသည့်ပြစ်မှုကိုပါ ဆက်လက်ကျခံပါ့မည်ဆိုသည့် ခံဝန်ချက်နှင့် လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

မြိတ်အကျဥ်းထောင်ရှေ့မှ နိုင်ငံရေးအကျဥ်းသားတစ်ဦး၏ ဖခင်ဖြစ်သူက “လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်လို့ ကြားရတာကြောင့် မနက်အစောကြီးကတည်းက ထောင်ဗူးဝမှာသွားစောင့်တာ၊ ကျနော့်သားတော့ လွတ်တဲ့ထဲ မပါလာဘူး။ တခြား နိုင်ငံရေးအကျဥ်းသားတွေ လွတ်တာမြင်ရတော့ ဝမ်းလည်းသာတယ် ဝမ်းလည်းနည်းမိတယ်” ဟု ပြောသည်။

မြိတ်အကျဥ်းထောင်တွင် လွတ်ငြိမ်းခွင့်တွင် မပါဝင်ခဲ့သည့် နိုင်ငံရေးအကျဥ်းသား၊ အကျဥ်းသူများစွာ ကျန်နေဆဲဖြစ်သည်ဟု နိုင်ငံရေးအကျဥ်းသားမိသားစုဝင်များက ပြောဆိုသည်။

စစ်ကောင်စီလက်အောက် အသံလွှင့်ဌာနများကလည်း ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြည်သူများ စိတ်အေးချမ်းရန်နှင့် လူမှုရေးအရ ငဲ့ညှာထောက်ထားသောအားဖြင့် မြန်မာနိုင်ငံတဝှမ်းရှိ အကျဥ်းထောင်များမှ အကျဥ်းသားအကျဥ်းသူ ၅၈၆၄ ဦးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း​ ကြေညာထားသည်။

စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ ပုဒ်မနှင့် တရားစွဲဆိုထောင်ချခံထားရသည့် နိုင်ငံရေးအကျဥ်းသား ၆၀၀ ခန့်ကို ပြန်လွှတ်ပေးမှာဖြစ်ကြောင်း ပြန်ကြား
ရေးလက်အောက် မီဒီယာကတဆင့် ပြောဆိုခဲ့သည်။

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နိုင်ငံရေးအကျဉ်းသား ၆၀၀ ဦးခန့် ပြန်လွှတ်ပေးမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသော်လည်း အကျဉ်းထောင် ၁၀ ခုမှ လက်ရှိစုစည်းထားသော စာရင်းများအရ နိုင်ငံရေးအကျဉ်းသား ၁၅၀ ဝန်းကျင်သာ ပြန်လည်လွတ်မြောက်လာသေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ၏ စာရင်းများအရ သိရသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here