မြဝတီတွင် စက်သုံးဆီများကို အကန့်အသတ်နှင့်သာ ရောင်းချလို့ မြို့ခံများ အခက်အခဲဖြစ်နေ

By MPM 17 ဖေ‌ဖော်ဝါရီ, 2025 👁 3

ထိုင်း – မြန်မာနယ်စပ်၊ မြဝတီမြို့တွင် စက်သုံးဆီများကို အကန့်အသတ်ဖြင့် ရောင်းချပေးနေတာကြောင့် လုံလောက်မှုမရှိဘဲ မြို့ခံများမှာ အခက်အခဲဖြစ်နေပြီး ထိုင်းနိုင်ငံဘက်ရှိ မဲဆောက်မြို့သို့ သွားရောက်ဝယ်ယူနေရသည်ဟု မြို့နေပြည်သူများက ပြောသည်။

မြဝတီမြို့တွင် စက်သုံးဆီ အရောင်းဆိုင်ပေါင်း ၅၀ ကျော်ရှိသည့် အနက် ၃ ဆိုင်ခန့်သာ စက်သုံးဆီရောင်းချပေးနေပြီ ထို့သို့ရောင်းပေးရာတွင်လည်း အကန့်အသတ်ဖြင့် ရောင်းချပေးနေသည်ဟု ၎င်းတို့က ပြောဆိုကြသည်။

မြဝတီမြို့ရှိ ယာဉ်မောင်းတစ်ဦးက “ဟိုဖက်မှာက ပုံးတွေဘာတွေနဲ့ဆို ရောင်းမပေးဘူး။ ဒီမှာကလည်း ဘယ်ချိန်ဖွင့်လို့ ဖွင့်မှန်းမသိကြဘူး။ ရပြီဆိုပြီး သွားတန်းစီရင် ကုန်ပြီလေ။ အရပ်ထဲရောင်းတဲ့ ပုလင်းတွေကလည်း အလုပ်မဖြစ်ပါဘူး။ တစ်လီတာ မပြည့်ဘူး။ အခုတောင် ဆီဈေးတက်လို့ ကုန်ဈေးနှုန်း လိုက်တက်လာပြီ။” ဟု ပြောသည်။

မြဝတီမြို့ရှိ မော်တော်ယာဉ်အများစုမှာ လိုင်စင်မဲ့များဖြစ်သဖြင့် ကမ်းကူးရန်အတွက် အခက်အခဲများစွာရှိသည်ဟု နေ့စဉ်သွားရောက်၍ စက်သုံးဆီဝယ်ယူနေရသူမြို့ခံတစ်ဦးက ပြောသည်။

“လိုင်စင်မဲ့လည်းများတယ်။ နောက်ပြီးတော့ ကမ်းကူးတာကလည်း အစီးရေသတ်မှတ်ထားတယ်။ တစ်ရက်ဆို တစ်ကြိမ်ပဲရတယ်။ တစ်စီး ဘတ် ၅၀၀ ဖိုးပဲ။ အခု လှမ်းကြည့်လိုက်ရင် ချစ်ကြည်ရေးတံတားကနေ ရွှေမင်းဝံဘုရားလောက်အထိ ရှိတယ်။ မရတော့ဘူးဆို အကုန်ပြန်လှည့်ပဲ” ဟု ၎င်းက ဆိုသည်။

တရားမဝင် ကျားဖြန့်လုပ်ငန်း အွန်လိုင်းငွေလိမ်ဂိုဏ်းများအား နှိမ်နှင်းရန်အတွက် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ အပါအဝင် ရွှေကုက္ကို၊ ဘုရားသုံးဆူ၊ တာချီလိတ် စသည့် နယ်စပ်မြို့ ၅ မြို့ကို တရုတ်အစိုးရ ဖိအားပေးမှုဖြင့် ထိုင်းအာဏာပိုင်များက လျှပ်စစ်မီးနှင့် စက်သုံးဆီ၊ လောင်စာဆီများကို ဖြတ်တောက်ထားခြင်းဖြစ်သည်။

ထိုသို့ ထိုင်းဘက်က စက်သုံးဆီတင်ပို့မှုကိုပါ ဖြတ်တောက်ထားတာကြောင့် မြဝတီမြို့တွင် ယခင်က ဓါတ်ဆီ ၉၂ တစ်လီတာဈေးနှုန်း ၃,၅၀၀ ကျပ်သာ ပေးဝယ်ရသော်လည်း လက်ရှိ၌ တစ်လီတာကို ကျပ်နှစ်သောင်းဝန်းကျင် ရောင်းချနေပြီး တဖက်နိုင်ငံရှိ မဲဆောက်မြို့၌လည်း ၉၁ တစ်လီတာကို ၃၀ ဘတ်နှင့် ၉၅ တစ်လီတာ ၃၅ ဘတ်ဖြင့် အသီးသီး ပေါက်ဈေးရှိကြသည်ဟု မြို့ခံများက ပြောဆိုသည်။

မြဝတီနှင့် နီးစပ်သည့် ရွှေကုက္ကိုမြို့တွင်လည်း စက်သုံးဆီသယ်လာသည့် ယာဉ်များအား စစ်ကောင်စီက ဖမ်းဆီးမှုများ လုပ်ဆောင်နေသဖြင့် မြို့နေပြည်သူများ စိုးရိမ်ကြောက်လန့်နေကြောင်း သိရသည်။

NMG ပေးပို့သည်။