မြန်မာနိုင်ငံတစ်ဝှမ်းမှာ စစ်အုပ်စုရဲ့တိုက်ခိုက်မှုကြောင့် ၆ လအတွင်း အမျိုးသမီး ၃၀၀ ကျော် သေဆုံး

By MPM 9 ဇူလိုင်, 2026 👁 99

ကရင်နီပြည်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းမှာ စစ်အုပ်စုရဲ့ မြေပြင်တိုက်ခိုက်မှုကြောင့် ၆ လအတွင်း အမျိုးသမီး ၃၀၀ ကျော်သေဆုံးခဲ့တယ်လို့ ဒီကနေ့ ဇူလိုင်လ ၁၀ ရက်နေ့မှာ မြန်မာ့အမျိုးသမီးများသမဂ္ဂ (BWU) ရဲ့ ထုတ်ပြန်ချက် စာရင်းအရသိရပါတယ်။

အဆိုပါ သေဆုံးစာရင်းဟာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ စာရင်းဖြစ်ပြီး နေရာဒေသအရ ကရင်နီပြည်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းက ဒေသတချို့ပါဝင်ပါတယ်။

လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ၂၄၂ ဦး၊ မတရားသတ်ဖြတ်ခံရမှုကြောင့် ၄၂ ဦး၊ လက်နက်ကြီးပစ်ခတ်ခံရမှုကြောင့် ၂၉ ဦး၊ မီးရှို့သတ်ဖြတ်ခံရမှုကြောင့် ၉ ဦး၊ ကျည်ထိမှန်မှုကြောင့် ၇ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၁ ဦးနဲ့ ဆေးကုသခွင့်မရရှိမှုကြောင့် ၁ ဦးအပြင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြောင့် ၁ ဦး စုစုပေါင်း ၃၃၂ ဦး သေဆုံးခဲ့တာပါ။

စစ်အုပ်စုရဲ့ မြေပြင်တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၃၀၀ ကျော်ရှိခဲ့သလို ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသမီး ၃၀၀ ကျော်ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေမှာတော့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ၂၁၅ ဦး၊ လက်နက်ကြီးပစ်ခတ်ခံရမှုကြောင့် ၅၀ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၂၆ ဦးနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြောင့် ၁၂ ဦး စုစုပေါင်း ၃၀၆ ဦးတို့ဖြစ်ပါတယ်။

သေဆုံးခဲ့သူ အမျိုးသမီး ၃၀၀ ကျော်ဟာ ကရင်နီပြည်က ၉ ဦးအပါအဝင် စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ် စတဲ့ ဒေသအသီးသီးက အမျိုးသမီးတွေဖြစ်ပါတယ်။

စာရင်းအရ ၆ လအတွင်း စစ်ကိုင်းတိုင်းမှာ အမျိုးသမီးပေါင်း ၁၀၂ ဦးနဲ့ သေဆုံးမှု အများဆုံးရှိခဲ့ပါတယ်။

ကန္တာရဝတီတိုင်း(မ်)