မြန်မာဒုက္ခသည်တွေအတွက် ဘတ်သန်း ၁၆၀ ခွဲ‌ဝေပေးမယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီး ပြောဆို

By MPM 8 စက်တင်ဘာ, 2025 👁

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်က မြန်မာဒုက္ခသည်တွေရဲ့ ကျန်းမာရေးဝန်ဆောင်မှုအတွက် ဘတ် သန်း ၁၆၀ ခွဲဝေပေးမယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီး Somsak Thepsutin က စက်တင်ဘာလ ၄ ရက်နေ့မှာ ပြောကြားခဲ့တာကို ထိုင်းအခြေစိုက် ဘန်ကောက်ပိုစ့်သတင်းမှာ ဖော်ပြပါတယ်။

အမေရိကန်သမ္မတထရမ့်ရဲ့ အမိန့်ကြောင့် နယ်စပ်တလျှောက်က မြန်မာဒုက္ခသည်တွေရနေတဲ့ နိုင်ငံတကာအကူအညီတွေ ရပ်ဆိုင်းခဲ့ပြီးနောက် ဖြစ်ပေါ်လာတဲ့ ကျန်းမာရေးဝန်ဆောင်မှု အကြပ်အတည်းကြောင့် အခုလို ဘတ်ဂျတ် လျာထားလိုက်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ထိုင်းကျန်းမာရေးဝန်ကြီးရဲ့ ကျန်းမာရေးဝန်ဆောင်မှု ဘတ်ဂျတ်လျာထားခြင်းနဲ့ပတ်သတ်ပြီး ကရင်နီဒုက္ခသည်စခန်းမှာ ဝန်ဆောင်မှုပေးနေတဲ့ ကရင်နီကျန်းမာရေးဌာန (KnHD) ညွှန်ကြားရေးမှူး နော်ခူဖောကို ကန္တာရ၀တီတိုင်း(မ်) က ဆက်သွယ်မေးမြန်းရာမှာတော့ မသိရသေးဘူးလို့ ပြောပါတယ်။

“သတင်းထဲမှာပြောနေတာတွေတော့ တွေ့ပါတယ်။ တကယ့်မြေပြင်မှာတော့ ဘာမှပြောလာတာမရှိသေးပါဘူး” လို့ နော်ခူဖောက ပြောပါတယ်။

နယ်စပ်တစ်လျှောက်မှာ ကျန်းမာရေးဝန်ဆောင်မှုအတွက် ဘတ်ဂျတ်မရှိတော့ပါက ရောဂါအမျိုးမျိုး ဖြစ်ပွားနိုင်ချေမြှင့်တက်နိုင်တာကြောင့် ဘတ်သန်း ၁၆၀ ခွဲဝေဖို့ သဘောတူညီချက်ကို အစိုးရအဖွဲ့တွေကနေ ရယူနေကြောင်းလည်း Somsak Thepsutin ကပြောဆိုကြောင်း ဘန်ကောက်ပိုစ့်က ဆိုထားပါတယ်။

နယ်စပ်တစ်လျှောက်မှာနေထိုင်တဲ့ မြန်မာဒုက္ခသည်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ မြန်မာနိုင်ငံက ဆေးဘက်ဆိုင်ရာဝန်ထမ်း ၂၉၆ ဦးကို ခန့်အပ်ရန် တစ်နှစ်မှာ ဘတ် ၁၉ သန်း ဘတ်ဂျက်လျာထားဖို့ အစီအစဥ်ရှိကြောင်းလည်း ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ထိုင်း-မြန်မာ နယ်စပ်တ​လျှောက်မှာ မြန်မာဒုက္ခသည်စခန်း ကိုးခုရှိပြီး လူဦ​ရေ တစ်သိန်း​ကျော် ရှိပါတယ်။

ကန္တာရဝတီတိုင်း (မ်)