မြစ်ကြီးနားမြို့ရှိ စစ်ဘေးရှောင်များ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးနိုင်ရန် စီစဉ်နေ

By MPM 18 စက်တင်ဘာ, 2025 👁

ကချင်ပြည်နယ်အတွင်းရှိ ပဋိပက္ခနယ်မြေများကနေ မြစ်ကြီးနားမြို့ ၊ရှမ်းမျိုးနွယ်စုစစ်ဘေးရှောင်မှာ ယာယီခိုလှုံစစ်ဘေးတိမ်းရှောင်နေသူများအနေဖြင့် လာမယ့်ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးနိုင်ဖို့အတွက် ပြင်ဆင်စီစဉ်မှုတွေပြုလုပ်နေကြောင်း စစ်ရှောင်ကူညီနေသူများထံမှ သိရပါတယ်။

“ကြိုတင်မဲတော့ မပေးတော့ဘူးဗျ။ ပုံစံ (၃) (က) နဲ့ပဲ ဒီမှာ စစ်ရှောင်တယ်ဆိုရင် ဒီမှာပဲမဲပေးဖို့အတွက်ပေါ့လေ။ ဒါလေးတော့ စီစဉ်နေတယ် ကိုယ့်အမျိုးသားရေးကိစ္စဆိုတော့ ပေးကြမယ်လို့တော့ ထင်တာပဲ” ဟု စခန်းတာဝန်ခံက စစ်ဘေးရှောင်များကိုယ်စား ပြောပြပါတ​ယ်။

မြစ်ကြီးနားမြို့ရှိ ရှမ်းမျိုးနွယ်စု စစ်ဘေးရှောင်စခန်းမှာ အိမ်ထောင်စုပေါင်း (၇၀၀) နီးပါး ခိုလှုံနေတာလည်းဖြစ်ပြီး ဗန်းမော်၊ ဝိုင်းမော်၊ မိုးမောက်၊ မံစီ၊ ဆင်ဘို၊ တာလောက်ြီး၊ ဖားကန့် စတဲ့ဒေသက ထွက်ပြေးတိမ်းရှောင်လာခဲ့ကြသူတွေဖြစ်ပါတယ်။

အဲ့ဒီဒေသတွေဟာ ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာထားပေမယ့်လည်း စစ်ရေးပြင်းထန်နေဆဲ အခြေအနေလည်းဖြစ်ပါတယ်။

ယာယီနေရပ်စွန့်ခွာနေသူများအနေဖြင့် ကြိုတင်မဲမဟုတ်ပဲ လက်ရှိနေထိုင်ရာဒေသတွင်သာ မဲဆန္ဒပေးလိုပါက ရွေးကောက်ပွဲရက်မတိုင်ခင် ရက်ပေါင်း (၆၀) အတွင်း အကြောင်းကြားလျှောက်ထားရမှာဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ဆိုထားပါတယ်။

ဒီအတွက် အောက်တိုဘာလ (၂၇) ရက်နေ့ကို နောက်ဆုံးထားအကြောင်းကြားပေးရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် နယ်မြေမတည်ငြိမ်မှုနဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးတိမ်းရှောင်နေကြသူအနေဖြင့် လာမယ့်ရွေးကောက်ပွဲအတွက် နိုဝင်ဘာလရဲ့ နောက်ဆုံးသီတင်းပတ် ၂၅ ရက်နေ့ကနေ ၂၉ ရက်နေ့အတွင်း ကြိုတင်မဲဆန္ဒပေးနိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားပါတယ်။

ကြိုတင်မဲပေးနိုင်ရန်အတွက်တော့ အွန်လိုင်းပေါ်မှဖြစ်စေ၊ ယာယီရောက်ရှိထားတဲ့ဒေသရှိ မြို့နယ်ကော်မရှင်ခွဲထံမှဖြစ်စေ အောက်တိုဘာလ (၁၂) ရက်နေ့မှာ နောက်ဆုံးထားပြီး သတ်မှတ်ပုံစံများကို ပေးပို့ထားနိုင်တယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့ဟာ လာမယ့် ဒီဇင်ဘာလကုန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲပထမအပိုင်းမှာ ပါဝင်နေတာဖြစ်ပြီး ပါတီ ၄ ခုထက်မနည်း ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိနေတယ်လို့ စုံစမ်းသိရပါတယ်။

Shanni Voice