ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဈေးဆိုင်တချို့မှာ တောဝက် PDF အမည်ခံပြီး ခြိမ်းခြောက်ငွေတောင်းတာတွေ ဆက်တိုက် ရှိလာနေတယ်လို့ မြို့ခံလူထုတွေဆီကနေ သိရသည်။
နိုဝင်ဘာလ ဒုတိယအပတ်ကစပြီး မြစ်ကြီးနားမြို့တွင်းမှာရှိတဲ့ ဈေးဆိုင်တချို့က ဆိုင်ရှင်တွေဆီကို ဖုန်းနဲ့ ဆက်သွယ်လာပြီး ဆိုင်တစ်ဆိုင်ကို ငွေကျပ် ၇ သိန်းပေးဖို့ တောင်းဆိုလာတာဖြစ်တယ်လို့ စျေးဆိုင်ပိုင်ရှင်တချို့က ပြောပါသည်။
“အခွန်လာဆောင်ပါလို့ ပြောတယ်။ ဘယ်ကလဲဆိုတော့ PDF ကလို့ ပြောတယ်။ ၇ သိန်းတောင်းတော့ အရမ်းများလို့ အဆင်မပြေဘူး ပြောလိုက်တယ်။ ပြီးတော့အဲပိုက်ဆံကို လူကိုယ်တိုင်လာပေးခိုင်းတာ ဆိုင်နဲ့မို့ လာဖို့အဆင်မပြေဘူးပြောပြီး ဗိုလ်ကြီးတို့ကိုယ်တိုင် လာယူပါပြောတော့ kpay ကနေပဲ ပြန်ပို့ခိုင်းတယ်။ နောက်တော့ ကိုယ်လည်းကြောက်တော့ အဆင်ပြေသလောက် ရောင်းရသမျှ Kpay ကနေ ၁ သိန်းကျော် လွဲပေးလိုက်တယ်Ó လို့ စျေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောပြပါသည်။
ဒါ့အပြင် တောင်းထားတဲ့ငွေပမာဏကို ဆိုင်ရှင်တွေအနေနဲ့ လူကိုယ်တိုင် ဝိုင်းမော်မြို့ ခက်ချိုကျေးရွာဘက်ကို မှတ်ပုံတင်ကိုင်ပြီး လာပေးဖို့ထိ ပြောဆိုတာတွေ ရှိတယ်လို့ ဆိုသည်။ အလားတူ ရှမ်းစုမြောက်ဘက်က ဈေးဆိုင် တစ်ဆိုင်မှာလည်း တောဝက် PDF ခေါင်းဆောင် ဗိုလ်သီဟဆိုပြီး ငွေကြေးတောင်းတာတွေ ရှိခဲ့တယ်လို့ အမည်မဖော်လိုတဲ့ဆိုင်ရှင်တစ်ဦးက ပြောဆိုသည်။
မြစ်ကြီးနားမြို့ရှိ ဆိုင်တိုင်းလိုလိုမှာ ဇီးကျွန်းရွာဘက်က တောဝက် PDF တပ်ခွဲမှူးဆိုပြီး ခြိမ်းခြောက်ငွေ တောင်းလာတဲ့အပေါ် People Defense forces-NBPDF ခေါင်းဆောင်တာဝန်ခံက မြစ်ကြီးနားမြို့မှာ အခုလို ဆက်ကြေးကောက်တာဟာ မြစ်ကြီးနား PDF တွေ မဟုတ်ကြောင်း အခိုင်အမာငြင်းဆို ပြောဆိုထားသည်။
People Defense forces-NBPDF ခေါင်းဆောင်တာဝန်ခံက “ လုံးဝမဟုတ်ဘူးလို့ ငြင်းပယ်တယ်။ ဘာလို့ဆို မြို့ပေါ်က PDF တွေဆိုလည်း ကျွန်တော်ပဲထိန်းချုပ်ထားတယ်။ သူတို့ဘယ်နေရာမှာ ဘာလုပ်တယ် ဘယ်မှာ နေနေတယ် ဆိုတာကအစ ကျွန်တော့အကုန်သိတယ်။ အရင်တစ်နှစ်တွေတုန်းကလဲ ဝိုင်းမော်၊ခတ်ချိုဘက်မှာ ခုလိုချိန်းပြီး ပြည်သူတွေကို ပြည်သူ့စစ်တွေဘက်က သတ်ပစ်လိုက်တာတွေ ရှိတယ်။ ကျွန်တော့တို့ဘက်ကတော့ လုံးဝ မဖြစ်နိုင်ဘူးလို့ ပြောချင်တယ်Óလို့ ပြောပါသည်။
အခုလို PDF နာမည်ခံပြီး ငွေကြေးကောက်ခံတဲ့အပေါ် ပြည်သူတွေအနေနဲ့လည်း သေချာသတိထားစဉ်ခြင်ကြဖို့ တောင်းဆိုထားပြီး ၎င်းတို့အနေနဲ့လည်း PDF အမည်ခံပြီး ခြိမ်းခြောက်ငွေတောင်းလာတဲ့အပေါ် လုံးဝခွင့်လွတ်မှာ မဟုတ်ဘဲ စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်သွားမယ်လို့ ၎င်းက ဆက်ပြောသည်။
ကချင်ပြည်နယ် မြစ်ကြီးနား၊ ဖားကန့်၊ မိုးညှင်း၊ မိုးကောင်း စတဲ့ မြို့တွေမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း PDF အမည်ခံပြီး ခြိမ်းခြောက်ငွေတောင်းလာတာ မကြာခဏ ဖြစ်ပေါ်နေတယ်လို့လည်း ဒေသခံများက ပြောဆိုကြသည်။
KNG ပေးပို့သည်။