မဲစာရင်းကောက်ရာတွင် ပါဝင်သည့် ဝန်ထမ်းများအား အရေးယူမည်ဟု တနင်္သာရီ ပအဖ သတိပေး

By MPM 10 ဇန်နဝါရီ, 2023 👁

စစ်ကောင်စီမှ ကျင်းပဆောင်ရွက်မည့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်အတွက် မဲစာရင်းကောက်ခံရာတွင် ပူးပေါင်းပါဝင်သည့် ဝန်ထမ်းများကို လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဟု တနင်္သာရီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) က သတိပေးစာ ထုတ်ပြန်လိုက်သည်။

တနင်္သာရီမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် ရွေးကောက်ပွဲအတွက် မဲစာရင်းကောက်ယူခြင်းများအပါအဝင် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များကို ထွေအုပ်၊ လဝကတို့နှင့် ဆက်စပ်နေသည့် ဌာနဆိုင်ရာ ဝန်ထမ်းများက ပူးပေါင်းလုပ်ဆောင်နေသည်များကို ရပ်တန့်ပေးကြရန် ထုတ်ပြန်ချက် အမှတ် ၁/၂၀၂၃ ဖြင့် ဇန်နဝါရီ ၈ ရက်နေ့ ရက်စွဲဖြင့် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သို့သော် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက ဆရာ/ဆရာမ အချို့အား ရွေးကောက်ပွဲအတွက် စာရင်းများ ကောက်ခံရာတွင် ခေါ်ယူခိုင်းစေမှုများ ရှိနေသည်ဟု တနင်္သာရီမြို့ခံများက ပြောသည်။

တနင်္သာရီမြို့၊ ချောင်းငယ်ရပ်နေ အသက် ၃၅ နှစ်အရွယ် ကျောင်းဆရာမတစ်ဦးက “ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ လဝက ဝန်ထမ်းတွေက စာရင်းကောက်ရာမှာ ကူညီပေးဖို့ပြောလို့ လိုက်ပေးနေရတာ။ နှစ်ရက်ရှိသွားပြီ။ စိတ်ထဲက ပါလို့တော့မဟုတ်ပါဘူး။ နီးရာဓါး ကြောက်နေရတယ့် သဘောပါ။ အသက်အန္တရာယ်အတွက်လည်း စိုးရိမ်နေရတယ်” ဟု ပြောသည်။

၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းနှင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ဇန္နဝါရီလ ၉ ရက်နေ့ (ယမန်နေ့) မှစတင်၍ လကုန်အထိ လူဦးရေစာရင်းများကို ကောက်ခံနေပြီဟု ဒေသခံများက ပြောသည်။

အတုအယောင်ကျင်းပမည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲကိုလည်း အသိအမှတ်ပြု လက်ခံသွားမည်မဟုတ်ဘဲ နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအား ကူညီပါဝင်သည့် ဝန်ထမ်းများကိုလည်း လိုအပ်သလို အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု တနင်္သာရီ-ပအဖ အဖွဲ့က ဆိုထားသည်။

ထုတ်ပြန်ချက်အတွင်း စစ်ကောင်စီသည် ပြည်သူများအပေါ် ဖမ်းဆီးနှိပ်စက်ကာ ဥပဒေမဲ့ သတ်ဖြတ်ခြင်းများအပြင် နေအိမ်များ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ပြည်တွင်း/ပြည်ပမှ ဆန့်ကျင်သည့် ဖိအားများကို ရင်ဆိုင်နေရချိန် အတုအယောင် ရွေးကောက်ပွဲကို ကျင်းပပြီး ထွက်ပေါက်ရှာရန် ပြင်ဆင် ကြိုးစားနေခြင်းသာဖြစ်ကြောင်းလည်း ထည့်သွင်းဖေါ်ပြထားသည်။

လက်ရှိတွင် တနင်္သာရီမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့်တာဝန်သိ ပြည်သူများ စည်းလုံးအားထုတ်ကြိုးပမ်းမှုများကြောင့် နယ်မြေစိုးမိုးမှုများလည်း အတိုင်းအတာတစ်ခုအထိ ရရှိနေပြီဖြစ်ကြောင်းကိုလည်း တနင်္သာရီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ သတိပေးစာထဲတွင် ရေးသားထားသည်။

NMG – ပေးပို့သည်။