မော်လမြိုင်ရှိ စစ်သင်တန်းကျောင်းတွင် အမျိုးသမီး ၆ ဦးထက်မနည်းကို စစ်ရေးစတင်လေ့ကျင့်နေ

By MPM 17 ဇူလိုင်, 2024 👁

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် စစ်ကောင်စီနှင့်နီးစပ်သည့် အမျိုးသမီးများ စစ်မှုထမ်းဆောင်ရန် စည်းရုံးခံနေရပြီး စာရင်းပေးသွင်းထားသူ ၆ ဦးထက်မနည်းကို မော်လမြိုင် စစ်သင်တန်းကျောင်းတွင် စတင်လေ့ကျင့်ပေးနေသည်ဟု မော်လမြိုင်ခံတို့ပြောဆိုမှုအရ သိရသည်။

စစ်မှုထမ်းရန် မိမိသဘောဆန္ဒအလျောက် စာရင်းပေးထားသည့် အမျိုးသမီးများကို ထိုက်သင့်သည့် ရာထူးပေးမည့်အပြင် တစ်ရက်လျှင် ငွေကျပ် ၈၀၀၀ နှုန်းနှင့် အကျိုးခံစားခွင့်ပြုမည်ဟု ပြောဆိုစည်းရုံထားသည်ဟု မော်လမြိုင်မြို့ခံတစ်ဦးက ဆိုသည်။

“အဓိက ကတော့ သူတို့ပြသချင်တာပေ့ါ၊ အဲ့လိုမက်လုံးပေးပြီးတော့ လစာလည်းရတဲ့အခါကြတော့၊ အခုက မော်လမြိုင်တက္ကသိုလ်ဘက်က စစ်သင်တန်းကျောင်းမှာ အမျိုးသမီးတွေကို သင်တန်းပေးနေတာရှိတယ်။ သူတို့ အသိုင်းအဝိုင်းလူပါပဲ။ ဘယ်ကိုပို့မလဲဆိုတာက မသိသေးဘူး၊ ဘိုကုန်းရပ်ကွက်က တစ်ယောက်ပါတယ်။ အစိုးရအဖွဲ့တွေလာရင် ဟန်ပြဝါဒဖြန့် လုပ်ရုံလောက်ပါပဲ။ အိမ်တိုင်းကိုစာရင်း လိုက်ကောက်တဲ့ပုံစံမျိုး မဟုတ်ဘူး” ဟု အဆိုပါ မော်လမြိုင်မြို့ခံက ပြောသည်။

အလားတူ ကျိုက်ထိုမြို့နယ်တွင်လည်း ဌာနဆိုင်ရာ သက်ပြည့်အမျိုးသမီးဝန်ထမ်းများကို စစ်သင်တန်းခေါ်ယူရန် ရှိကြောင်းနှင့် အဓိကအားဖြင့် Non CDM များကို ခေါ်ယူရန်ရှိသည်ဟုလည်း ကျိုက်ထိုမြို့မှ စစ်ကောင်စီ ဌာနဆိုင်ရာအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။

“အဓိကတော့ Non CDM တွေနဲ့ ဌာနဆိုင်ရာ အမျိုးသမီးတွေနဲ့ စိတ်ပါဝင်စားသူတွေကို သူတို့ခေါ်ဖို့ရှိမယ်၊ စစ်သင်တန်းပေးဖို့က ရှိတယ်။ စိတ်ပါဝင်စားပြီး စာရင်းပေးထားတဲ့သူတွေက မကြားသေးဘူး” ဟု ၎င်းက ပြောသည်။

အထူးသဖြင့် ထွေအုပ်ရုံးဝန်ထမ်းများ၊ လဝကများ၊ ပျူစောထီးများအပြင် စည်ပင်ဌာနမှ အမျိုးသမီးများကို စည်းရုံးလှုံ့ဆော်လျှက်ရှိသည်ဟု သိရသည်။

လက်ရှိ၌ မော်လမြိုင်မြို့ပေါ်တွင် စစ်သင်တန်းပေးထားသည့် အမျိုးသား၊ အမျိုးသမီးများကို စစ်ယူနီဖောင်းဖြင့် ညပိုင်းအချိန်တွင် ကင်းလှည့်စစ်ဆေးမှု လုပ်ဆောင်နေသည်ဟု မြို့ခံသတင်းအရင်းအမြစ်တို့မှ သိရသည်။

လာမည့် စစ်မှူးထမ်းအပတ်စဉ် ၅ တွင် အမျိုးသမီးများ ပါဝင်တက်ရောက်ရမည်ဆိုသောကြောင့် စစ်ကောင်စီလက်အောက်ခံ တာဝန်ရှိသူများက Non-CDM အမျိုးသမီးဝန်ထမ်းများအပြင် တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသည့် အမျိုးသမီးများကိုပါ စည်းရုံးနေရသည်ဟု သိရသည်။

အမျိုးသမီးစစ်မှုထမ်း အပတ်စဉ်နီးကပ်လာသည်နှင့်အမျှ လွတ်မြောက်နယ်မြေအတွင်း လာရောက်တိမ်းရှောင်ကြသည့် မွန်ပြည်နယ်မှ အမျိုးသမီးဦးရေ ရာဂဏန်းအထိ ရှိလာသည်ဟုလည်း စစ်မှုထမ်းဥပဒေကြောင့် တိမ်းရှောင်လိုသူများကို လက်ခံနေသည့် MSRF အဖွဲ့ တာဝန်ရှိသူတို့ထံမှ သိရှိရသည်။

IMNA ပေးပို့သည်။