မွန်ပြည်နယ် မော်လမြိုင်မြို့မှာ အာဏာသိမ်း စစ်ကော်မရှင်လက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေဟာ ပြည်သူ့စစ်မှုထမ်းအတွက် အမျိုးသမီးစာရင်းတွေ လိုက်လံကောက်ယူနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကော်မရှင် လက်အောက်ခံ ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ စစ်မှုထမ်းအတွက် အမျိုးသမီးတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ၊ အိမ်ထောင် ရှိ/မရှိအပြင် အသေးစိတ်အချက်အလက်တွေကအစ ကောက်ယူသွားတာပါ။
ကောက်ယူသွားတဲ့ အမျိုးသမီးတွေရဲ့ အချက်အလက်တွေကိုတော့ သက်ဆိုင်ရာကို တင်ပြသွားမှာ ဖြစ်ပြီး အမျိုးသမီးစစ်မှုထမ်း စတင်ခေါ်ယူတဲ့နေရာမှာ လိုအပ်ပါက အသုံးပြုသွားမှာဖြစ်တယ်လို့ ရပ်ကျေးအဖွဲ့ဝင်တွေ ပြောဆိုသွားကြောင်း ဒေသခံတွေက ဆိုပါတယ်။
မော်လမြိုင်မြို့ခံတစ်ဦးကတော့ လက်ရှိ စစ်ကော်မရှင်လက်အောက်ခံ ရပ်/ကျေးအဖွဲ့ဝင်တွေဟာ အမျိုးသမီးစာရင်းတွေကို အိမ်တိုင်း လိုက်လံကောက်ယူနေပြီး အသေစိတ်အချက်အလက်ကအစ ကောက်ယူကာ ဘာလုပ်မယ်ဆိုတာတော့ မပြောသွားဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အမျိုးသမီးစာရင်းကောက်တာက အိမ်တိုင်းကို ကောက်တယ်။ အိမ်တွေမှာ အမျိုးသမီးလူဦးရေ ဘယ်လောက်ရှိလဲဆိုပြီးတော့ အခု သီးသန့် လာကောက်တယ်။ အလုပ်အကိုင်မေးတယ်။ ကျောင်းသားလား။ တက္ကသိုလ်ကျောင်းသားလား။ အထက်တန်းကျောင်းသားလား။ အိမ်ထောင်ရှိလား။ အိမ်ထောင်မရှိဘူးလား။ အသေးစိတ်ကောက်တယ်” လို့ ဆိုပါတယ်။
အမျိုးသမီး စာရင်းတွေကိုတော့ ရပ်ကွက်တချို့မှာ ကောက်ယူနေပေမယ့် တချို့ ရပ်ကွက်တွေမှာတော့ ကောက်ယူသေးတာမရှိသလို အခုလို ကောက်ယူတာဟာ အမျိုးသမီး စစ်မှုထမ်းခေါ်ယူတဲ့အခါ အဆင်သင့်ဖြစ်အောင် ကောက်ယူတာဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
အမျိုးသမီးတစ်ဦးကတော့ စစ်မှုထမ်းအတွက် အမျိုးသမီးစာရင်းတွေ ကောက်ယူတဲ့အပေါ် စိုးရိမ်မှုတွေ ရှိနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“စိုးရိမ်တာပေါ့။ အမျိုးသမီးတွေက ဘယ်လိုခေါ်မလဲ အမျိုးသားတွေက ကြံ့ခိုင်မှုရှိတယ်။ ဘာလို့ဆို အကြမ်းပတမ်း ခံနိုင်ရည်ရှိတယ်။ မိန်းကလေးတွေက အိမ်မှာ ပုခက်လွဲ အိမ်မှာ ချက်ပြုတ် အိမ်ထောင်မှု တာဝန်ထမ်းဆောင်နေတဲ့ မိန်းမတွေဆိုတာ အင်မတန် နူးညံ့တဲ့ မိန်းမတွေပေါ့နော်။ သူတို့အတွက်ကိုတော့ မကာကွယ်နိုင်ဘူးနော်” လို့ ဆိုပါတယ်။
အာဏာသိမ်း စစ်ကော်မရှင်က ပြန်လည်အသက်သွင်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသမီးတွေဟာ အသက် ၁၈ နှစ်ကနေ အသက် ၂၇ နှစ်အတွင်း စစ်မှုထမ်းဖို့အတွက် အကြုံးဝင်သလို ကျွမ်းကျင်သူ အမျိုးသမီးဖြစ်ပါက အသက် ၃၅ နှစ် ထိအကြုံးဝင်တယ်လို့ ပါရှိပါတယ်။
ကျွမ်းကျင်သူ အမျိုးသမီး ဆိုတဲ့နေရာမှာတော့ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တက်မြောက်သူ ဒါမှမဟုတ် အခြား အတတ်ပညာ တစ်ရပ်ရပ်နဲ့ အသက်မွေးဝမ်းကျောင်းနေသူတွေကို ဆိုလိုတာ ဖြစ်တယ်လို့ ပြည်သူ့စစ်မှုထမ်း ဥပဒေမှာ ဖော်ပြထားပါတယ်။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ အာဏာသိမ်းစစ်ကော်မရှင် လစဉ် ဖွင့်လှစ်နေတဲ့ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၁ အထိ စစ်မှုထမ်း စုဆောင်းခံရတဲ့ အမျိုးသားပေါင်း ၄၂၀၀ ဝန်းကျင်ထိ ရှိလာပြီး ဖြစ်ပါတယ်။
သံလွင်တိုင်းမ်