မော်လမြိုင်မြို့တွင် လုံခြုံရေးအကြောင်းပြချက်နှင့် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ဝင်များက တင်းကြပ်စစ်ဆေးနေ

By MPM 23 ဩဂုတ်, 2024 👁

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် စစ်ကောင်စီတပ်၊ ရဲနှင့် ပြည်သူ့စစ်များအပြင် နေ့စားခေါ်ယူ၍ စစ်ဝတ်စုံ ပေးဝတ်ထားသူများက လုံခြုံရေးအကြောင်းပြချက်နဲ့ ဒေသခံပြည်သူများအပေါ် လုံခြုံရေးတင်းကြပ်နေသည်ဟု မြို့ခံများက ပြောဆိုသည်။

စစ်ကောင်စီလက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့က လက်နက်အားကိုးနှင့် ညနေပိုင်းတိုင်းတွင် အင်အားပြကာ လူစည်ကားရာနေရာနှင့် မထင်မှတ်သည့်နေရာများကို ပိတ်ဆို့စစ်ဆေးတာ၊ လုံခြုံရေး အကြောင်းပြ လှည့်လည်တာ၊ ဧည့်စာရင်း ဝင်ရောက်စစ်ဆေးမှုများကို လုပ်ဆောင်နေကြောင်း ၎င်းတို့က ပြောသည်။

လက်နက်နှင့် လုံခြုံရေးကင်းလှည့်ရာတွင်လည်း ကားလမ်းပေါ်ရှိ လားရာတူသွားနေသော ကား၊ ဆိုင်ကယ်များအပြင် တဖက်ယာဉ်ကြောမှလာသည့် ကား၊ ဆိုင်ကယ်များကိုလည်း လက်နက်ပြ၍ လမ်းဘေးချခိုင်းခြင်း လမ်းဘေးမချပါက ဆဲဆိုခြိမ်းခြောက်မှုပြုကြောင်း ဒေသခံများက ဆိုသည်။

စစ်ကောင်စီပူးပေါင်းအဖွဲ့တွေဟာ လုံခြုံရေးအကြောင်းပြချက်နှင့် ကင်းလှည့်ရာတွင် လမ်းဘေးဓါတ်ဆီဆိုင်များက စက်သုံးဆီများသိမ်းယူစသည့် မင်းမဲ့စရိုက်ဆန်ဆန် လုပ်နေကြသည်ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

“မော်လမြိုင်မြို့မှာက လမ်းဘေးမ တေလေဂျပိုးတွေ၊ မဘသ အဖွဲ့ဝင်တွေ၊ ပျူစောထီးအဖွဲ့ဝင်တွေရဲ့ သက်ဆိုင်ရာ ဆွေမျိုးသားချင်းတွေကို တစ်ရက်ကို ၈၀၀၀ ပေးပြီး ညကျရင် ယူနီဖောင်းတွေဝတ်ပြီးတော့ လမ်းဘေးမှာ ဆီရောင်းတဲ့ဆိုင်တွေကို လျှောက်ဖမ်းတယ်။ ဆီတွေ သိမ်းတယ်။ ဘီယာဆိုင်မှာ ဘီယာတွေ ဝင်ယူတယ်။ လုပ်ချင်သလို လုပ်နေတာပေါ့။ မင်းမဲ့စရိုက် ဆန်ဆန်ပဲ၊ ညဘက်ကို အရမ်းကိုဆိုး ရွားနေတာပေါ့” ဟု ၎င်းက ပြောသည်။

ယင်းအပြင် လမ်းသွားလမ်းလာများကို ပိတ်ဆို့စစ်ဆေးရာ၌လည်း အရှိန်လွန်ကျော်သွားသည့် ကား၊ ဆိုင်ကယ်များကို ခြေထောက်နှင့်ကန်ပြီး တားဆီးတာ၊ သေနတ်နှင့်ထောက်ပြီး ခြိမ်းခြောက်ခြင်းအပြင် ရိုက်နှက်တာကိုပါ မထင်ရင်မထင်သလို လုပ်နေသည်ဟု ၎င်းက ဆက်ပြောသည်။

မော်လမြိုင်မြို့သည် စစ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီအပြည့်အဝ စိုးမိုးထိန်းချုပ်ထားသော မြို့တစ်ခုဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ထွက်သွားလာနိုင်မှုမရှိသည့် ဒေသတစ်ခုလည်း ဖြစ်သလို အရှေ့တောင်တိုင်း စစ်ဌာနချုပ် ရုံးစိုက်ရာမြို့လည်း ဖြစ်သည်။

နောက်ထပ် မော်လမြိုင်မြို့ခံတစ်ဦးက “ည ၈ နာရီ နောက်ပိုင်း ၉ နာရီ နောက်ပိုင်းဆို သူတို့ ပတ်ကင်းပေါ့။ တစ်ခါတလေကြလို့ရှိရင် ကား ၁၀ စီး ၁၂ စီးလောက်နဲ့ ပတ်တယ်။ သူတို့က တတန်းကြီးသွားတာလေ။ အဖွဲ့လိုက် ပြီးလို့ရှိရင် မြေနီကုန်းကားဝင်ထဲကို ဝင်တယ်။ စားသောက်ဆိုင်တွေရှိတော့ အဲဒီကိုသူတို့ လိုက်စစ်တယ်။ တည်ခိုခန်းတွေပါ လိုက်စစ်တယ်။ မှတ်ပုံတင်တို့၊ ဖုန်းတွေဘာတွေ စစ်ဆေးတာရှိတာပေါ့” ဟု ဆိုသည်။

ဖမ်းဆီးခံရသူများကို စစ်ကောင်စီပူးပေါင်းအဖွဲ့က ငွေကြေးအမြောက်အများတောင်း၍ ပြန်လွတ်ပေးခြင်းရှိသလို ငွေကြေးမပေးနိုင်သူများကို ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးထောင်ချမှုများရှိကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ စစ်ကောင်စီပူးပေါင်းအဖွဲ့များက လုံခြုံရေးအကြောင်းပြချက်နှင့် ကင်းလှည့်ရာ၌လည်း မူးယစ်သောက်စား ထားပြီး ရမ်းကားချင်သလို ရမ်းကားနေတာကြောင့် မြို့ပေါ်ရှိ ရပ်ကွက်နေပြည်သူများ ကြောက်လန့်နေကြ သည်ဟု မော်လမြိုင်မြို့ခံများက ပြောသည်။

သံလွင်တိုင်းမ် ပေးပို့သည်။