မောင်တော ဟိန္ဒူဘုရားကျောင်းအနီး စစ်တပ်ထောင်ထားသည့် မိုင်းများကို AA ရှင်းလင်း

By MPM 24 စက်တင်ဘာ, 2026 👁 31

ရခိုင်ပြည်၊ မောင်တောမြို့နယ်ရှိ ဟိန္ဒူဘုရားကျောင်းဝန်းအတွင်း စစ်အုပ်စုတပ် ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းများကို အာရက္ခတပ်တော် (AA) က ရှာဖွေရှင်းလင်းခဲ့ကြောင်း ဒေသခံများက ပြောသည်။

မောင်တောမြို့နယ်တောင်ပိုင်း၊ ကျောက်ပန္ဒူကမ်းခြေအနီးရှိ ဟိန္ဒူဘာသာဝင်များ ကိုးကွယ်သည့် “မဟာရာမယ ဏ ဟရိနာမ ရာမ” ဟိန္ဒူဘုရားကျောင်း ကွင်းပြင်နှင့် အနီးဝန်းကျင်တွင် စစ်အုပ်စုတပ် ထောင်ထားခဲ့သည့် M-14 မြေမြှုပ်မိုင်း ၄ လုံးကို စက်တင်ဘာလ ၁၈ ရက် နံနက်ပိုင်းတွင် AA မိုင်းရှင်းလင်းရေးတပ်ဖွဲ့က ရှာဖွေတွေ့ရှိ၍ ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အဆိုပါ ဘုရားကျောင်း အဝင်/အထွက် လမ်းကြောင်းများ၌ မိုင်းရှင်းလင်းရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ဒေသခံ ရခိုင်ပြည်မြောက်ပိုင်း အာရက္ခတပ်တော်နှင့်နီးစပ်သူ အမျိုးသားတစ်ဦးက “မောင်တောမှာ စစ်တပ် ထောင်ထားခဲ့တဲ့ မိုင်းတွေကို လူမျိုးဘာသာမရွေး နေထိုင်တဲ့နေရာတွေမှာ ရှင်းလင်းနေတာ။ အခုနှစ်ပိုင်းတွေမှာ ပိုပြီးလုပ်လာတယ်။ မွတ်ဆလင်ရွာတွေ ဟိန္ဒူရွာတွေကလည်း တောင်းဆိုတာတွေ ရှိတယ်။ မောင်တောက စစ်တပ် တပ်စွဲခဲ့တဲ့နေရာတွေကို အဓိက ရှင်းတယ်။ လမ်းမကြီးတွေ၊ ကျေးရွာတွေကိုလည်း မိုင်းရှင်းလင်းပေးနေတယ်” ဟု ပြောသည်။

မောင်တောမြို့နယ်အတွင်း စစ်အုပ်စုတပ် စခန်းချ တပ်စွဲခဲ့သည့် နေရာများ၌ မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲသေးသည့် စစ်လက်နက်ပစ္စည်းများ ကျန်ရှိနေဆဲဖြစ်ရာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ၉ လတာကာလအတွင်း AA မိုင်းရှင်းလင်းရေးတပ်ဖွဲ့က မိုင်းစုစုပေါင်း ၁၁၉ လုံးအထိ ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

တပ်စခန်းဟောင်းများ၊ ဘာသာရေးကျောင်းများ၊ လမ်းပိုင်းများ၊ တောင်တန်း၊ စိုက်ပျိုးရေးဧရိယာများနှင့် လူသွားနည်းသည့် လမ်းကြောင်းများတွင် မိုင်းရှင်းလင်းရေး ဆောင်ရွက်နေသော်လည်း မိုင်းအန္တရာယ် ကျန်ရှိနေသေးသဖြင့် သွားလာရေး အထူးသတိပြုကြရန် ဒေသခံများကို အသိပေးထားသည်။

ထို့ပြင် AA ထိန်းချုပ်ရာ ဒေသများ၌ မိုင်းအန္တရာယ် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အန္တရာယ်ရှိနိုင်သည့်နေရာများ၌ သတိပေးဆိုင်းဘုတ်များ တပ်ဆင်ခြင်းတို့ကိုလည်း ပြုလုပ်လျက်ရှိသည်။

NMG