မောင်တော နခခ (၅) တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခိုက်နေ

By MPM 15 အောက်တိုဘာ, 2024 👁

ရခိုင်ပြည်၊ အနောက်ဘက်အစွန်ဆုံး မောင်တောမြို့၊ နခခ (၅) တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီက Y-12 ဗုံးကြဲလေယာဉ်တစ်စင်းနှင့် ဂျက်တိုက်လေယာဉ် ၄ စင်းအထိ အသုံးပြုတိုက်ခိုက်နေသည်ဟု ဒေသခံများက ပြောသည်။

မောင်တောမြို့၊ နခခ (၅) နယ်ခြားစောင့်ဌာနချုပ်ကို အာရက္ခတပ်တော် (AA) ယခုရက်ပိုင်းအတွင်း ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲအပြင်းအထန်ဆုံး အဆင့်သို့ ရောက်ရှိနေသည်ဟု ဒေသခံများက ဆိုသည်။

ဒေသခံတစ်ဦးက “တကြိမ်ဆို ဂျက်နှစ်စင်းစီလာတယ်။ တိုက်ပွဲက တော်တော်လေးပြင်းထန်နေတယ်။ နေ့ရောညပါ ထိုးစစ်ဆင် တိုက်ခိုက်နေကြတယ်။ လက်နက်ကြီးတွေနဲ့ တညလုံးပစ်တယ်။ ဒီနေ့မနက်လည်း ဆက်ပြီး အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်‌နေတယ်” ဟု ပြောကြားသည်။

နှစ်ဖက်တပ်အကြား တိုက်ပွဲပြင်းထန်နေချိန် အောက်တိုဘာ ၁၄ ရက် နံနက် ၆ နာရီခွဲမှ မနက် ၈ နာရီခွဲအထိ စစ်ကောင်စီလေယာဉ် Y-12 ဖြင့် ဗုံးအလုံး ၃၀ ကျော် ကြဲချခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

ယင်းအပြင် ဂျက်တိုက်လေယာဥ် ၂ စင်း ကလည်း နံနက် ၇ နာရီ ၄၅ မိနစ်တွင်တကြိမ်၊ နံနက် ၉ နာခွဲ၌ နောက်ထပ် ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် တကြိမ် ဗုံးကြဲချခဲ့သည်ဟု မျက်မြင်ဒေသခံများက ပြောသည်။

အောက်တိုဘာ ၁၃ ရက် နေ့လယ် ၁ နာရီခွဲကျော်တွင်လည်း ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သလို Y-12 ဗုံးလေယာဉ်ဖြင့် နခခ (၅) အား လက်နက်နှင့် ရိက္ခာများအား လေထီးများဖြင့် ချပေးခဲ့သည်ဟု ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။

လက်ရှိတွင် နခခ (၅) တိုက်ပွဲပြင်းထန်နေသဖြင့် အရပ်သားများအား တစ်ရွာနှင့်တစ်ရွာသွားလာခြင်းကို AA က ပိတ်ပင်တားထားကြောင်း သိရသည်။

မောင်တောခရိုင်၌ တစ်ခုတည်းကျန်ရှိသည့် နခခ (၅) တပ်ရင်းအား AA လက်ထဲမကျစေရန် စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန် ခုခံနေ၍ စခန်းသိမ်းနိုင်ရန် ကြန့်ကြာနေခြင်းဖြစ်ကြောင်းလည်း သိရသည်။

နိရဉ္စရာ ပေးပို့သည်။