ရခိုင်ပြည်၊ အနောက်ဘက်နယ်စပ် မောင်တောမြို့အဝင်နားဝန်းကျင်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိနေပြီး တိုက်ပွဲကြား ပိတ်မိနေသည့် ဒေသခံပြည်သူများအား အာရက္ခတပ်တော် (AA) က ကယ်ထုတ်ပေးနေကြောင်း မောင်တောဒေသခံများက ပြောသည်။
မောင်တောမြို့ နေရာအချို့၌ စစ်ကောင်စီပူးပေါင်းတပ်နှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲဖြစ်ပွားနေပြီး မောင်တောမြို့ပေါ်လည်း တိုက်ပွဲနီးကပ်လာပြီဟု မောင်တောဒေသခံများက ဆိုသည်။
မောင်တောဒေသခံတစ်ဦးက “တိုက်ပွဲအတွင်းမှာ ပိတ်မိနေကြတဲ့ ရခိုင်လူမျိုးအပါအဝင် ဟိန္ဒူတွေ၊ မွတ်ဆလင်တွေကို အာရက္ခတပ်တော်က ကူညီကယ်ထုတ်ပေးတာတွေ ရှိတယ်။ ပိတ်မိနေတဲ့အချိန်မှာ စစ်ကောင်စီနဲ့ အပေါင်းအပါတွေရဲ့ ညှင်းပန်းနှိပ်စက်တာတွေကို မခံနိုင်လို့ အာရက္ခတပ်တော်ကို ကယ်ထုတ်ဖို့ တောင်းဆိုလာတာတွေကြောင့် အာရက္ခတပ်တော်က စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြားထဲက ကယ်ထုတ်ပေးခဲ့တာပါ” ဟု ပြောသည်။
စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုများကို ယခုရက်ပိုင်းအတွင်း ပြင်းပြင်းထန်ထန်ခံနေကြရပြီး ကယ်ထုတ်နေစဉ်အတွင်း စစ်ကောင်စီနှင့် AA ထိတွေ့တိုက်ပွဲများလည်း ပြင်းထန်လျက်ရှိသည်ဟု ၎င်းကဆိုသည်။
လက်ရှိတွင် မောင်တော ရွှေဇား၊ အောင်ဗလနှင့် ဝိမလကျေးရွာနှင့် နေရာအနှံ့အပြားတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ ထိတွေ့တိုက်ပွဲ ပြင်းထန်လျက်ရှိသည်ဟု နောက်ထပ် မောင်တောမြို့ခံတစ်ဦးက ပြောပါသည်။
မောင်တောမြို့ပေါ်တွင် ပိတ်မိနေသည့် ပြည်သူများအား အာရက္ခတပ်တော်က ကယ်ထုတ်နေခြင်းနှင့်ပတ်သက်ပြီး အာရက္ခတပ်တော်ပြောခွင့်ရသူ ဦးခိုင်သုခကလည်း အတည်ပြုပြောဆိုသည်။
စစ်ကောင်စီတပ်သည် မောင်တောမြို့အနီးအနားတဝိုက်တွင် မြေမြှုပ်မိုင်းပတ်ပတ်လည်ထောင်ထားပြီး ပိတ်မိနေကြသည့် ဒေသခံများသည် အန္တရာယ်ကြားက အာရက္ခတပ်တော်၏ အကူအညီများကိုယူကာ မောင်တောမြို့ပေါ်ကနေ ထွက်ပြေးနေကြရကြောင်း ကြားသိရသည်။
မောင်တောမြို့ထဲက ထွက်ပြေးလွတ်မြောက်လာသူ ဒေသခံများအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အရေးပေါ်စားသောက်ရေးများ လိုအပ်လျက်ရှိကြောင်းလည်း ဒေသခံများထံက သိရှိရသည်။
နိရဉ္စရာ ပေးပို့သည်။