မောင်တောခရိုင်အတွင်း မြေမြှုပ်မိုင်းအလုံး ၂၀၀ ကျော်အား AA ဖယ်ရှား

By MPM 15 မတ်, 2026 👁 1

ရခိုင်ပြည်အနှံ့ စစ်ကျန်မိုင်းများကို ရှာဖွေဖော်ထုတ်သိမ်ဆည်းနေရာ ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း မောင်တောခရိုင်၌ စစ်ကော်မရှင်တပ်ဖွဲ့များ ထောင်ထားခဲ့သည့် မိုင်းအလုံးပေါင်းကို ၂၀၀ ကျော်ကို အာရက္ခတပ်တော် (AA) မိုင်းရှင်းလင်းရေးတပ်ဖွဲ့က ရှာဖွေဖော်ထုတ် ဖယ်ရှားနိုင်ခဲ့သည်ဟု သတင်းရရှိသည်။

ဘူးသီးတောင်နှင့် မောင်တောမြို့နယ် ၂ ခုဖြင့် ဖွဲ့စည်းထားသည့် မောင်တောခရိုင်သည် စစ်ကော်မရှင် တပ်ရင်း၊ တပ်ဖွဲ့ များအပါအဝင် နယ်ခြားစောင့်တပ်အများအပြား အခြေစိုက်ခဲ့သော ဒေသတစ်ခုဖြစ်ပြီး အာရက္ခတပ်တော်နှင့် တိုက်ပွဲဖြစ်ပွားစဉ်အတွင်း မိုင်းအလုံးပေါင်းအများအပြားကို စခန်းအနီး ပတ်ဝန်းကျင်များနှင့် တောတောင်များတွင် ထောင်ထားခဲ့ကြောင်း AA နှင့် နီးစပ်သော စစ်ရေး အကဲခတ်များက နိရဉ္စရာသတင်းဌာနသို့ ပြောဆိုသည်။

ထိုကဲ့သို့ ထောင်နှင့် ချီထောင်ထားခဲ့သော မိုင်းများကို အာရက္ခတပ်တော် မိုင်းရှင်းလင်းရေးအဖွဲ့မှ ရှာဖွေဖော်ထုတ် ရှင်းလင်းနေရာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ မိုင်းအလုံးပေါင်း ၂၁၂ လုံးကို ရှာဖွေဖော်ထုတ် သိမ်းဆည်းနိုင်ခဲ့သည်ဟု အာရက္ခတပ်တော်၏ ထုတ်ပြန်ခဲ့သည့် စာရင်းအချက်အလက်များအရ သိရသည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်နဲ့ ၂၁ ရက်နေ့ (၂) ရက်အတွင်း အာရက္ခတပ်တော်သည် မောင်တောမြို့၊ အမှတ် (၇၆၆) တပ်ရင်းအနီးအနားနှင့် ကားလမ်းမများအပါအဝင်မြကံသာဆည်အနားဝန်းကျင်တို့တွင် မိုင်းရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာတွင် M- 14 မိုင်းအလုံးပေါင်း (၇၈) လုံးကိုဖော်ထုတ် သိမ်းဆည်းရမိခဲ့သည်ဟု ရခိုင်ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်သည့် APM သတင်းတွင် ဖော်ပြထားသည်။

၎င်းအပြင် လွန်ခဲ့သည့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်နေ့က ၁၃ ရက်နေ့အထိ အာရက္ခတပ်တော် မိုင်းရှင်းလင်းရေးတပ်ဖွဲ့မှ ဘူးသီးတောင်မြို့နယ်၊ သရက်ပြင် (ရွာသစ်) စာသင်ကျောင်းဝန်းကျင်၌ မိုင်းရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ (၉) လက်မရှေ့ထွက်မိုင်း (၁) လုံး၊ (၂) လက်မ မိုင်း (၅) လုံးအပါအဝင် မြေမြှုပ်မိုင်းများကို ရှာဖွေဖော်ထုတ်သိမ်းဆည်းနိုင်ခဲ့သည်ဟုသိရသည်။

အလားတူ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၅ ရက်နိနန့် ၆ ရက်နေ့တွင်အာရက္ခတပ်တော်မှ မောင်တောမြို့နယ်အတွင်း နေရပ်ပြန်အရပ်သားပြည်သူများနေထိုင် သွားလာရေး အဆင်ပြေစေရန် စစ်ကောင်စီစခန်းချခဲ့သည့်နေရာများ၊ တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများအပါအဝင် တောတောင်၊ကားလမ်း၊ လူနေခြံဝင်းများကိုပါ မိုင်းရှင်းလင်းရေး လုပ်ဆောင်ခဲ့ရာ မြေမြှပ်ပ်မိုင်း ၁၂၈ လုံးကို ရှင်းလင်းနိုင်ခဲ့သည်ဟုသိရသည်။

အာရက္ခတပ်တော်သည် လက်ရှိအချိန်ထိ ပလက်ဝဒေသအပါအဝင် အာရက္ခပြည်ရှိ မြို့၊ ရွာ၊ ဒေသများ၌ မိုင်းရှင်းလင်းရေးလုပ်ငန်းများကို ဆက်လုပ်ဆောင်လျက်ရှိသော်လည်း စစ်ကော်မရှင်တပ်က နေရာအနှံ့ ထောင်ထားသောမိုင်းများကြောင့် လက်ရှိအချိန်ထိ ပြည်သူများ ထိခိုက်သေဆုံးမှုများရှိကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်တွင် စစ်ပွဲလက်ကျန် လက်နက်ခဲယမ်းများနှင့် မြေမြှုပ်မိုင်းများ ပေါက်ကွဲမှုကြောင့် မကြာခဏ ပြည်သူများ အသက်ဆုံးရှုံးထိခိုက်မှုများရှိနေသဖြင့် မြေမြှုပ်မိုင်းနှင့် စစ်ကျန် လက်နက်ခဲယမ်းများအရေးသည် အရေးတကြီး လက်ငင်း ဖြေရှင်းရန် လိုအပ်နေသည့် ပြဿနာတစ်ရပ်ဖြစ်ကြောင်း ရခိုင်ဒေသ မြေမြှုပ်မိုင်းလှုပ်ရှားနေသူများက ပြောဆိုသည်။

ရခိုင်ပြည်သူများအနေဖြင့် မြေမြှုပ်မိုင်းများ၊ မသင်္ကာဖွယ်ရာ စစ်ကျန်လက်နက်ခဲယမ်းများတွေ့ရှိပါက သက်ဆိုင်ရာ အနီးအနားရှိ အာရက္ခတပ်တော်ထံ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားရန် တိုက်တွန်းထားကြောင်း သတင်းရရှိသည်။

နိရဉ္စရာ