မူဆယ်-ကျောက်ဖြူ မီးရထားလမ်း ပြန်လည်စတင်ရန် စစ်ကောင်စီနှင့် တရုတ်ညှိနှိုင်း

By MPM 3 မတ်, 2023 👁

ကိုဗစ်-၁၉ ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုကြောင့် ၂၀၁၉ ခုနှစ်ကတည်းက ရပ်ဆိုင်းသွားခဲ့သည့် မူဆယ်-ကျောက်ဖြူ မီးရထားလမ်း စီမံကိန်းကို ပြန်လည်စတင်ရန် တရုတ်အစိုးရ တာဝန်ရှိသူများနှင့် မြန်မာစစ်ကောင်စီ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးနေကြသည်ဟု သိရသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ရခိုင်ပြည်နယ် ကျောက်ဖြူအထိ ကီလီုတာ-၁၀၀၀ နီးပါး (မိုင်ပေါင်း-၆၂၀) ရှည်လျားမည့် မီးရထားလမ်း စီမံကိန်းကို NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်တွင် စတင်အကောင်အထည်ဖော်နေခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါနှင့် စစ်တပ်က အာဏာသိမ်းလိုက်မှုကြောင့် လုပ်ငန်းများ ရပ်တန့်သွားခဲ့သည်။

ယခုအခါ စီမံကိန်းအကောင်အထည်ဖော်နေသော တရုတ်နိုင်ငံပိုင် မီးရထားအင်ဂျင်နီယာကုမ္ပဏီ (China Railway Engineering Group) ၏ လက်အောက်ခံ (China Eryuan Engineering Group) ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် မြန်မာ့မီးရထားမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးနေကြပြီး စီမံကိန်းပြန်လည်စတင်ရန် ပြင်ဆင်နေသည်ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူနှစ်ဦး၏ ပြောဆိုချက်ကို ကိုးကား၍ Frontier Myanmar က ရေးသားဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ၏ ကုန်းတွင်းပိတ် ယူနန်ပြည်နယ်နှင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ကို ဆက်သွယ်မည့် မီးရထားလမ်း စီမံကိန်းမှာ တရုတ်-မြန်မာ စီးပွားရေးလမ်းမ (China-Myanmar Economic Corridor) ၏အဓိက အစိတ်အပိုင်းဖြစ်ပြီး ကူမင်းမှ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် အထူး စီးပွားရေးဇုန်ကို ဆက်သွယ်မည်ဖြစ်သည်။

ဧရာမ မီးရထာလမ်း စီမံကိန်း ဖြတ်သန်းသွားမည့် ရှမ်းပြည်နယ်တွင် မကြာခဏ တိုက်ပွဲဖြစ်ပွားနေသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များရှိသလို မြန်မာနိုင်ငံအလယ်ပိုင်းတွင်လည်း စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်း ပေါ်လာသော လက်နက်ကိုင် ခုခံတော်လှန်ရေးအုပ်စုများ ရှိနေသည်။

တော်လှန်ရေးအုပ်စုများက စစ်အစိုးရကို အကျိုးပြုမည့် စီမံကိန်းကို တိုက်ခိုက်ဖျက်ဆီးသွားမည်ဟု ပြောဆိုနေသည်။

မီးရထားလမ်းစီမံကိန်းကို အပိုင်းနှစ်ပိုင်းခွဲထားပြီး မူဆယ်မှ မန္တလေးအထိ စီမံကိန်းပထမအဆင့်နှင့် မန္တလေးမှ ကျောက်ဖြူအထိ စီမံကိန်းဒုတိယဆင့်ဟု သတ်မှတ်ထားသည်။

၂၀၁၉ ခုနှစ်တွင် တရုတ်နှင့်မြန်မာတို့ မီးရထားလမ်းဖောက်လုပ်ရေး သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး ကနဦးအဆင့် လေ့လာမှုများ စတင်ပြုလုပ်ခဲ့သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာအကဲဖြတ်မှုများ ဆက်လက်ပြုလုပ်ခဲ့ ၂၀၂၂ ခုနှစ်တွင် အတည်ပြုနိုင်ခဲ့သည်။

စီမံကိန်း ဒုတိယဆင့်ကိုမူ ၂၀၂၂ နှစ်ကုန်ပိုင်းအထိ ဆက်လက် ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ယခုချိန်ထိ ရပ်တန့်နေသည်။

“ တရုတ် CEEG ကုမ္ပဏီနဲ့ မြန်မာ ပို့ဆောင်ရေးဝန်ကြီးဌာနတို့ရဲ့ ပူးတွဲကော်မတီဟာ မန္တလေး-ကျောက်ဖြူ မီးရထားလမ်းပိုင်းကို ဘယ်မြို့နယ်တွေကို ဖြတ်သန်းပြီး ဖောက်လုပ်မယ်ဆိုတာ ဆုံးဖြတ်ဖို့ မြန်မာနိုင်ငံမှာညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်” ဟု မြန်မာ့မီးရထား တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အဆိုပါ ပူးတွဲကော်မတီသည် မီးရထားလမ်းဖြတ်သန်းရန်အဆိုပြုထားသည့် ဒေသများမှ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လမ်းအူကြောင်း ဖောက်လုပ်ရေးကိစ္စ ပုံမှန်ဆွေးနွေးမှုများ ရှိနေသည်ဟုလည်း သိရသည်။

“ တရုတ်အလုပ်သမားတွေကတော့ လာလိုက်သွားလိုက် ပုံမှန်ပါပဲ” ဟု မြန်မာ့ မီးရထားအရာရှိတစ်ဦးက ပြောသည်။

တရုတ်ကုမ္ပဏီဘက်က ယခုစီမံကိန်း ဆက်လက်အကောင်အထည်ဖော်နေမှုကို တရားဝင် အသိပေးထားခြင်း မရှိသေးဟုသိရသည်။

သို့သော် လက်ရှိအခြေအနေတွင် မူဆယ်- မန္တလေး မီးရထားလမ်းပိုင်း ဖောက်လုပ်ရေး စတင်ဖို့ကိုပင် နှစ်အတန်ကြာ စောင့်ရဦးမည့်အခြေအနေမှာ ရှိနေသည်။

မီးရထားလမ်းစီမံကိန်းတစ်လျှောက် ပဋိပက္ခများ ဆက်လက်တည်ရှိနေပြီး နိုင်ငံရေးပြဿနာများ မဖြေရှင်းနိုင်သေးသရွေ့ စီမံကိန်းက ရှည်ကြာနိုင်သည်ဟုဝေဖန်သုံးသပ်မှုများ ရှိနေသည်။

မူဆယ်-ကျောက်ဖြူ မီးရထားလမ်းစီမံကိန်းကို မြန်မာ့မီးရထားနှင့်တရုတ် CREEG တို့ ၂၀၁၁ ခုနှစ်ကတည်းက MOU လက်မှတ်ရေးထိုးခဲ့ကြသည်။

သို့သော် စစ်တပ်နောက်ခံ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအစိုးရက နောက်ပိုင်းတွင် မျှတမှုမရှိဟုဆိုကာ ရပ်ဆိုင်းခဲ့သည်။

၂၀၁၈ ခုနှစ် NLD အစိုးရလက်ထက်တွင် သဘောတူလက်မှတ် ထပ်မံရေးထိုးခဲ့ပြီး ၂၀၁၉တွင် မူဆယ်-မန္တလေး လမ်းပိုင်းစီမံကိန်း စတင်အကောင်အထည်ဖော်ရေး ပဏာမလေ့လာ ဆန်းစစ်မှုများ ပြုလုပ်ခဲ့သည်။

၂၀၂၀ ပြည့်နှစ်က တရုတ်သမ္မတ ရှီကျင့်ပင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ရာ အဆိုပါစီမံကိန်းကို ထပ်မံပြသခဲ့သည်။

လေ့လာခန့်မှန်းချက်အရ စီမံကိန်းမှာ ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ (၇.၆) ဘီလျံ ရှိမည်ဟုဆိုသည်။

၂၀၂၁ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နေခဲ့သော်လည်း တရုတ် CREEG ကုမ္ပဏီသည် မီးရထားလမ်းဆက်လက်ဖောက်လုပ်ရေးအတွက် ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ယမန်နှစ်ကစ၍ တွေ့ဆုံညှိနှိုင်းမှုများ ပြန်လည်ပြုလုပ်လာခဲ့သည်။

ကမ္ဘာ့အလယ်တွင် အထီးကျန်ဖြစ်နေသော စစ်ကောင်စီသည် မိမိ၏ တရားဝင်ဖြစ်မှုနှင့် စီးပွားဖွံ့ဖြိုးရေးလုပ်ဆောင်ချက်ကို ပြသရန် တရုတ်နိုင်ငံနှင့ ပူပေါင်းလိုပြီး မီးရထားလမ်းစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ရန် ကြိုးစားနေသည်ဟု ယူအက်စ်အိုင်ပီ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဂျေဆင်တာဝါက ပြောသည်။

မူဆယ်-ကျောက်ဖြူ မီးရထားလမ်းစီမံကိန်း၏ မူလလမ်းကြောင်းမှာ ရွှေ သဘာဝဓါတ်ငွေ့ပိုက်လိုင်းအတိုင်း ရခိုင်ရိုးမကိုဖြတ်ကာ မကွေးတိုင်းမှ မန္တလေး၊ ထိုမှ ရှမ်းပြည်နယ်ကို ဖြတ်သန်းသွားသည့် အပြိုင်လမ်းကြောင်းဖြစ်သော်လည်း ယခုနောက်ပိုင်း ရွေးချယ်ခဲ့သည့်လမ်းကြောင်းတွင် နေရာအပြောင်းအလဲအချို့ရှိသည်ဟု ဆိုသည်။

အခြားနေရာများတွင် အပြောင်းအလဲမရှိသော်လည်း မကွေးနှင့် မန္တလေးအကြားတွင် ပုဂံရှေးဟောင်းနယ်မြေ ညောင်ဦးမြို့နယ်ကို ဖြတ်သန်းသွားမည့် လမ်းကြောင်းဖြစ်သည်။

ပို့ဆောင်ရေးစီမံကိန်းအရာရှိတစ်ဦး၏ ပြောကြားချက်အရ ပုဂံဒေသသို့ ကမ္ဘာလှည့်ခရီးသည်များ ပိုမိုလာရောက်ရန်နှင့် မြန်မာပြည်အလယ်ပိုင်းဒေသ ဖွံ့ဖြိုးတိုးတက်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လမ်းညွှန်ခဲ့သည့်အတွက် ထိုလမ်းကြောင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။