မြန်မာ-တရုတ် နယ်စပ်ဒေသ သျှမ်းပြည်၊ မူဆယ်မြို့နယ်အတွင်း စစ်ကောင်စီမှ လေယာဉ်ဖြင့် နေ့စဉ်နီးပါး ပျံဝဲနေပြီး အရပ်သားများနေအိမ်ပေါ် ဗုံးကြဲတိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။
ဒီဇင်ဘာလ ၁၇ ရက် မွန်းလွှဲပိုင်းတွင် မူဆယ်မြို့နယ်အတွင်း စစ်ကောင်စီရဟတ်ယာဉ်တစ်စီး ပျံဝဲနေလျက်ရှိပြီး မူဆယ်မြို့ဘောလုံးကွင်း၌ ရိက္ခာလာချသွားကြောင်း မူဆယ်မြို့ဒေသခံတစ်ဦးက ပြောသည်။
“ဒီတစ်ခေါက် သူတို့လာတာမြန်တယ်။ အဆင်း၊ အတက်ရော သုံးမိနစ်လောက်ပဲကြာတယ်။ မူဆယ် ဘောလုံးကွင်းမှာ ရိက္ခာချသွားတာ” ဟု အဆိုပါမူဆယ်မြို့ဒေသခံက ပြောသည်။
အလားတူ ဒီဇင်ဘာလ ၁၆ ရက် ညပိုင်းတွင်လည်း နမ့်ခမ်းမြို့နှင့် မူဆယ်မြို့အနီးတွင် ပေါင် ၅၀၀ အလေးချိန်ရှိ ဗုံးဖြင့် လာရောက်ကြဲချသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။
ထို့အခြေအနေများကြောင့် မူဆယ်မြို့ပေါ်သို့ ထွက်ပြေးခိုလှုံနေကြရသည့် စစ်ရှောင်များမှာ ၎င်းတို့၏နေရပ် မပြန်နိုင်ချိန်တွင် လေယာဉ်သံများကြားပါက စစ်မြေပြင်အတွင်းရှိ မိမိနေအိမ်ပေါ်သို့ ဗုံးများကြဲချသွားမည်ကို စိုးရိမ်နေရသည်ဟု စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
“အခုချိန်မှာ အိမ်ကိုလည်း ပြန်လို့မရသေးဘူး။ လေယာဉ်သံကြားရင် နားစွန့်နေရတယ်။ စိတ်ပူနေရတယ်။ ရွာမှာရှိတဲ့ ငါ့အိမ်ရော ဗုံးများကြဲခံရလို့ ပျက်စီးသွားပြီလားမသိ၊ နောက်ပြီး ရွာမှာကျန်ခဲ့တဲ့ လူတွေရော ဘယ်လိုနေလဲ လေယာဉ်သံကြားရင် အဲ့လိုအတွေးဝင်ပြီး စိတ်ပူနေရတယ်” ဟု ယင်းစစ်ဘေးရှောင်က ပြောသည်။
ညီနောင်မဟာမိတ် (၃) ဖွဲ့က စစ်ကောင်စီကို ၁၀၂၇ စစ်ဆင်ရေးဆင်နွှဲသည့် ၁ လကျော် ကာလအတွင်း စစ်ကောင်စီ၏ ခြေကုပ် စခန်းကြီး /ငယ် ပေါင်း ၃၀၀ ကျော် သိမ်းပိုက်နိုင်ခဲ့ပြီး ဒီဇင်ဘာ ၁၄ ရက်တွင် မူဆယ် ၁၀၅ မိုင် ရှိ စစ်ကောင်စီဗျုဟာကုန်းကို ညီနောင်မဟာမိတ်တို့ စတင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်တွင်လည်း လက်နက်ခဲယမ်းနှင့်အတူ စစ်ကောင်စီ၏ တင့်ကား ၂ စီးကိုပါ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။
လက်ရှိ သျှမ်းမြောက်ဒေသ မူဆယ်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ်ရှိ စစ်ဘေးတိမ်းရှောင်နေရသည့် ဒေသခံ ၈၀၀၀ ကျော်သည် စားနပ်ရိက္ခာ အရေးပေါ်အကူအညီ လိုအပ်နေသကဲ့သို့ မူဆယ် – နမ့်ခမ်း ကားလမ်းများ ပိတ်ထားခြင်းကြောင့် နမ့်ခမ်းမြို့နယ်ရှိ စစ်ဘေးရှောင်များအတွက် ဆေးဝါးအခက်အခဲ ဖြစ်နေလျက်ရှိကြောင်း ဒေသခံတို့ထံမှ သိရှိရသည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။