မူဆယ်နယ်စပ်ရှိ စစ်ကောင်စီဂိတ်များက စစ်မှုထမ်းအကျုံးဝင်သည့် လူငယ်များအား နယ်စပ်ဖြတ်သန်းခွင့်မပြု

By MPM 14 ဖေ‌ဖော်ဝါရီ, 2025 👁

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်ရှိ မြန်မာ-တရုတ် နယ်စပ်ဂိတ်များတွင် စစ်မှုထမ်းရန် အကျုံးဝင်သည့် လူငယ်များကို စစ်ကောင်စီလက်အောက်ခံ ရဲနှင့်လဝကများက နယ်စပ်ဖြတ်သန်းခွင့် မပြုတော့ကြောင်း စုံစမ်းသိရသည်။

ဖေဖော်ဝါရီ ၁၂ ရက်မှစတင်ပြီး မူဆယ်မြို့က မြန်မာ-တရုတ် နယ်စပ်ဂိတ်များဖြစ်သည့် နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်တို့တွင် စစ်မှုထမ်းရန်အကျုံးဝင်သည့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် အသက် ၂၇ နှစ်အောက်ရှိ အမျိုးသမီးများကို စစ်ကောင်စီလက်အောက်ခံဂိတ်တို့က နယ်စပ်ဖြတ်သန်းခွင့် တားမြစ်ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

မူဆယ်ဒေသခံလူငယ်တစ်ဦးက “ယာယီနယ်စပ်ဖြတ်သန်းခွင့် စာအုပ်အနီကိုင်တဲ့လူဆိုရင် အခု နန်းတော်ဂိတ်နဲ့ ဆင်ဖြူဂိတ်မှာ လဝကနဲ့ရဲတွေ ပေးမဖြတ်တော့ဘူး။ ဒီဘက် စစ်ကောင်စီကပဲ ပေးမဖြတ်တာမဟုတ်ဘူး၊ တရုတ်ရဲတွေလည်း သူတို့ဘက်ပေးမဝင်ဘူး” ဟု ပြောသည်။

တရုတ်နိုင်ငံဘက်သို့ ကျန်းမာရေးကဲ့သို့ အရေးတကြီး မဖြစ်မနေသွားရောက်ရမည်ဆိုပါက စစ်မှုထမ်းဆင့်ခေါ်စာ မရရှိကြောင်း ထောက်ခံစာပါရှိမှသာ ဖြတ်သန်းခွင့်ပြုမည်ဟု တာဝန်ကျ လဝကအရာရှိများက ပြောဆိုကြောင်း ၎င်းလူငယ်က ဆက်ပြောသည်။

စစ်ကောင်စီဘက်က ယခုကဲ့သို့ နယ်စပ်ဂိတ်များမှတဆင့် စစ်မှုထမ်းရန်အကျုံးဝင်သည့် အသက်အရွယ်ရှိသည့် လူငယ်များကို ခြိမ်းခြောက်အကြပ်ကိုင်ကာ စစ်မှုထမ်းစာရင်း ပါဝင်သူများကို နိုင်ငံပြင်ပထွက်ခွာခွင့် မရရှိအောင် တရုတ်အာဏာပိုင်များနှင့် ဆွေးနွေးသဘောတူထားခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုကြသည်။

အလားတူ တရုတ်နိုင်ငံဘက်သို့ အလုပ်သွားရောက်လုပ်ကိုင်ရန် အေဂျင်စီနှင့် ပွဲစားများကို ဆက်သွယ်ပြီး မူဆယ်မြို့သို့ ရောက်ရှိစောင့်ဆိုင်းနေသည့် ပြည်မမှလာရောက်ကြသည့် အလုပ်သမားအများအပြားလည်း စစ်မှုထမ်း အသက်အရွယ်ကန့်သတ်ချက်အရ နယ်စပ်ဖြတ်သန်းခွင့်မရတော့ဘဲ နေရပ်ပြန်လွှတ်ခံနေသည်ဟု ဆိုသည်။

ပြီးခဲ့သည့်နှစ် ၂၀၂၄ မှ စတင်ပြီး မူဆယ်မြို့ရှိ နယ်စပ်ဂိတ်များမှတဆင့် ယာယီနယ်စပ်ဖြတ်သန်းခွင့် (၇) ရက်ခံ အစိမ်းရောင်ကတ် (TBP) ဖြင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ဘက်ခြမ်းသို့ အလုပ်သွားရောက်လုပ်ကိုင်သူများရှိခဲ့ရာမှ အေဂျင်စီနှင့် ပွဲစားများ၏ အာမခံချက်ဖြင့် ရောက်ရှိလာသည့် လူငယ် ၄,၀၀၀ ကျော်လည်း နေရပ်ပြန်လွှတ်ခံနေရကြောင်း သိရသည်။

စစ်မှုထမ်းရန်အကျုံးဝင်သည့် အမျိုးသားများအား ပြည်ပနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ခွင့်ကို စစ်ကောင်စီက ဇန်နဝါရီ ၃၁ ရက်နေ့တွင် စတင်ကန့်သတ်လိုက်ပြီးနောက် မူဆယ်နှင့် တာချီလိတ်မြို့ရှိ နယ်စပ်ဂိတ်များတွင် စစ်ဆေးမှု ပိုမိုတင်းကြပ်လာကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများထံမှ သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။