မုံးစီးတွင် ရွှေတူးဖော်မှုကို ကန့်ကွက်သည့် ဒေသခံတို့ကို ကိုးကန့်တပ် ပစ်ခတ်မှုကြောင့် ဒေသခံ ၆ ဦးသေဆုံး

By MPM 6 မတ်, 2025 👁 2

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအုပ်စု ပြိန်းခမ်ကျေးရွာတွင် ရွှေတူးဖော်နေသည့် ကိုးကန့်တပ် (MNDAA) ကို သွားရောက်ကန့်ကွက်သည့် ဒေသခံများ သေနတ်နှင့်ပစ်ခတ်ခံရကာ ဒေသခံစုစုပေါင်း ၆ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရသည်။

ပြိန်းခမ်ကျေးရွာ၌ ရွှေမတူးရန် ဒေသခံတို့ကန့်ကွက်နေသည့်ကြားက ကိုးကန့်တပ်က ဆက်လက်တူးဖော်နေတာကြောင့် မတ်လ ၅ ရက်နေ့ နေ့လည် ၂ နာရီဝန်းကျင်တွင် ဒေသခံများက ထပ်မံသွားရောက်ကန့်ကွက်ချိန် ကိုးကန့်တပ်ဖွဲ့က သေနတ်နှင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ပြိန်းခမ်ရွာဒေသခံ အမျိုးသမီးတစ်ဦး ပြောပါသည်။

“အခု ကျမတို့အလောင်းတွေလည်း သယ်ထားပြီး MNDAA ရုံးရှေ့မှာ ရွာသားအားလုံးစုပြီး ဆန္ဒပြနေတယ်။ လက်နက်မပါတဲ့ ရွာသားတွေကို MNDAA က ပစ်သတ်တာ ၆ ယောက်သေသွားပြီ။ ၆ ယောက် ဒဏ်ရာရတယ်။ ရွာသားကိုပစ်သတ်တဲ့ ကိုးကန့်ရဲ့ သေနတ်ကိုလည်း အခု ကျမတို့ရွာသားတွေ ရယူထားတယ်” ဟု အဆိုပါပြိန်းခမ် ရွာခံအမျိုးသမီးက ပြောသည်။

မုံးစီး (Mungji mare) ကနေ ဆိုင်ကယ်နှင့်သွားပါက ၄၅ မိနစ်အကွာတွင်ရှိသည့် ပြိန်းခမ်းရွာက ဒေသခံတို့၏ လယ်ယာမြေတွင် ရွှေမတူးရန် ကိုးကန့် MNDAA တပ်ကို ဒေသခံများက အကြိမ်ကြိမ်ကန့်ကွက်ထားပြီး စာနဲ့လည်း တောင်းဆိုထားသည်ဟု ဒေသခံတို့က ပြောဆိုသည်။

သို့သော် ကိုးကန့် MNDAA ဘက်က ဆက်လက်တူးဖော်နေဆဲဖြစ်တာကြောင့် မတ်လ ၅ ရက်နေ့က ဒေသခံ ရွာသားတို့က သွားရောက်ကန့်ကွက်စဉ် ရွှေတူးဖော်နေသော ကိုးကန့် MNDAA တပ်ဖွဲ့ဝင်တို့နှင့် အချေအတင် ဖြစ်ပွားပြီး သေနတ်နှင့် ပစ်ခတ်လာခြင်းဖြစ်သည်ဟု ဆိုသည်။

ကိုးကန့် MNDAA ဘက်က သေနတ်နှင့်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူအမျိုးသား ၆ ဦးထဲတွင် KIA တပ်ဖွဲ့ဝင် ၂ ဦး လည်းပါဝင်ကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသည့် အမျိုးသား ၆ ဦးသည်လည်း ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

သေဆုံးသွားသည့် KIA တပ်ဖွဲ့ဝင်နှစ်ဦးမှာ ပြိန်းခမ်ဒေသခံများဖြစ်ကြပြီး ယခုလို ကိုးကန့်တပ် MNDAA လုပ်ရပ်ကြောင့် ညနေပိုင်း၌ ဒေသခံရွာသားအားလုံး သေဆုံးသူတို့၏ ရုပ်အလောင်းများသယ်ပြီး မုံးစီးရှိ MNDAA ရုံးရှေ့တွင် လူထုဆန္ဒပြခဲ့ကြသည်ဟု ဒေသခံတို့က ပြောဆိုသည်။

“ကျမတို့ဒေသခံတွေ လယ်ယာမြေလုပ်ကိုင်စားသောက်တဲ့နေရာမှာ MNDAA က ရွှေလာတူးတယ်။ ရွှေလာတူး တော့ ရွာသားတွေပြောဆိုကန့်ကွက်တာကို သူတို့ကသေနတ်နဲ့ အခုလိုပစ်သတ်တယ်။ ဒါမျိုး လုံး၀အလိုမရှိပါဘူး။ ဒီလိုမျိုး ပြဿနာထိဖြစ်လာအောင် MNDAA ဟာ ရွာသားတွေကိုကာကွယ်တာလား၊ ဒါမှမဟုတ် ခြိမ်းခြောက်ဖို့ ဝင်ရောက်လာတာလား။ ဒီအဖြေတွေရအောင် ကျမတို့လုပ်ဆောင်မှာပါ” ဟု မုံစီးဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ကိုးကန့် MNDAA ၏ လုပ်ရပ်အပေါ် ဒေသခံများက ပြင်းပြင်းထန်ထန်ကန့်ကွက်နေပြီး ဒီဖြစ်ရပ်ကို တရားမျှတမှုရရှိအောင် ကြိုးစားသွားမယ်လို့ ပြောဆိုနေကြသည်။

ကွတ်ခိုင်အထက် မုံးစီးဒေသဘက်တွင် ကိုးကန့် MNDAA တပ်ဖွဲ့နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ KIA နှစ်ဖွဲ့လုံး လှုပ်ရှားနေရာယူထားပြီး နှစ်ဖက်တပ်ဖွဲ့ကြား ပြဿနာများလည်း မကြာခဏ ဖြစ်ပွားလျက်ရှိနေသည်။

KNG ပေးပို့သည်။