ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ထဲက တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည့် မိုးမောက်မြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်က ခမရ ၄၃၇ တပ်စခန်း လက်မလွတ်ရေးအတွက် လေကြောင်းကိုအဓိကသုံးပြီး ခုခံတိုက်ခိုက်နေတာကြောင့် တစ်ရက်ကို လာရောက်ဗုံးကြဲတိုက်ခိုက်သည့် ဂျက်လေယာဉ် ၁၀ စီးခန့်ရှိကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်များက ပြောဆိုသည်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA က တကျော့ပြန် တိုက်ပွဲဖော်ဆောင်နေသည့် စစ်ကောင်စီ၏ မိုးမောက်တပ် ခမရ ၄၃၇ တပ်စခန်းသိမ်းတိုက်ပွဲ ပြင်းထန်နေသည်မှာ ၁၀ ရက်ကျော် ကြာမြင့်လာပြီဟု ၎င်းတို့က ပြောသည်။
စစ်ကောင်စီတပ်က မိုးမောက်တပ်စခန်း လက်မလွတ်ရေးအတွက် ဒရုန်းများအပါ တစ်ရက်ကို ဂျက်လေယာဉ် ၈ စီးနဲ့ ၁၀ စီး ကြား ပုံမှန်လာရောက် ဗုံးကြဲတိုက်ခိုက်နေကြောင်း KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ပြောပါသည်။
“မိုးမောက်တိုက်ပွဲက တိုက်ပွဲပြင်းရင် ပြင်းသလို လေယာဉ်လာတယ်။ တိုက်ပွဲ အရမ်းပြင်းထန်တဲ့ ရက်တွေဆိုရင် ဂျက်လေယာဉ်က ၈ စီး၊ ၁၀ စီးလောက်တောင် ရှိတယ်။ သူတို့က မရပ်မနားလာပစ်တယ်။ နေ့တိုင်းက လေယာဉ် ၃ စီး၊ ၄ စီးလောက်က ပုံမှန်ရောက်တယ်။ တိုက်ပွဲဖြစ်တာနဲ့ လေယာဉ်ရောက်ပြီ” ဟု ၎င်းက ပြောဆိုသည်။
ပြီးခဲ့သည် ဇူလိုင်လ ၂၄ ရက်ဝန်းကျင် ကစတင်၍ KIA ပူးပေါင်းတပ်များက ခမရ ၄၃၇ တပ်ရင်းထဲ ဝင်ရောက် တိုက်ခိုက်ရာတွင် တပ်စခန်းတဝက်ခန့်ကို သိမ်းပိုက်ထားနိုင်ပြီ ဖြစ်ပေမယ့် စစ်ကောင်စီတပ်ဘက်က စစ်အင်အားအလုံးအရင်းနှင့် မြေပြင်ရော ဝေဟင်ကနေပါ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အပြီးသတ်သိမ်းပိုက်နိုင်ခြင်းမရှိသေးဘဲ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီတပ်က မိုးမောက်တိုက်ပွဲအတွင်း စစ်အင်အား ၄၀၀ ဝန်းကျင်ဖြင့် စစ်လေယာဉ်အပြင် ဒရုန်းနှင့်ပါ အပြင်းအထန် ခုခံကာကွယ်နေတဲ့အပြင် ခုခံတိုက်ခိုက်နေကြောင်း ရှေ့တန်းသတင်းရင်းမြစ်များက ပြောတယ်။
ထိုအခြေအနေကြောင့် မိုးမောက်တိုက်ပွဲ ၁၀ ရက်ကြာ ရှိလာပေမယ့် KIA တပ်ဘက်က အပြီးသတ်သိမ်းပိုက်ရန် ခက်ခဲနေဆဲဖြစ်ပြီး ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် KIA နှစ်ဖက်တပ် ထိခိုက်သေဆုံးမှုများနေသည်ဟုလည်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
စစ်ကောင်စီတပ်က နေ့စဉ်အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် မိုးမောက်မြို့နယ်ရှိ ဒေသခံပြည်သူပိုင် နေအိမ်များလည်း ထိခိုက်ပျက်စီးမှု အများအပြားရှိကြောင်း သိရှိရပေမယ့် ဖုန်းလိုင်း အခက်အခဲကြောင့် အသေးစိတ် သိရှိရန် ခက်ခဲနေဆဲလည်း ဖြစ်သည်။
မိုးမောက် ခမရ ၄၃၇ တပ်ရင်း မကျစေရေး စစ်ကောင်စီတပ်က ပြင်းပြင်းထန်ထန် ခုခံကာကွယ်နေသည်မှာ နယ်မြေအနေအထားအရ KIA က မိုးမောက်မြို့ကို သိမ်းပိုက်နိုင်ပါက ဗန်းမော်မြို့တစ်ခုလုံးပါ လက်လွှတ်ရမှာ ဖြစ်စေသည့်အတွက် ခုခံတိုက်ခိုက်နေတာဖြစ်ကြောင်း ကချင်နိုင်ငံရေးသုံးသပ်သူတစ်ဦးက ယခုလို ပြောဆိုသည်။
“တကယ်လို့ မိုးမောက်ကို လက်လွှတ်လိုက်ရင် ဗန်းမော်ကိုလည်း လက်လွတ်လိုက်ရတော့မှာပဲ။ ဒီအခြေအနေ ကြောင့် စစ်တပ်က မရရအောင် ခုခံတိုက်နေတာ။ နယ်မြေအနေအထားလည်း အဲဒီလိုဖြစ်နေတာ။ ပြီးရင် ဒီမြို့ နှစ်ခုကို သိမ်းလိုက်ပြီဆိုရင် တရုတ်နယ်စပ် – လွယ်ဂျယ်လမ်း KIA တပ်တွေ အပြီးထိန်းချုပ်လိုက်မှာ ဖြစ်တယ်။ နောက်တစ်ခုက ဗန်းမော်မြို့ဆိုတာက ကချင်ပြည်နယ်အတွက်ဆိုရင် ဒုတိယမြို့တော်လိုလည်း ဖြစ်နေတာဆိုတော့ သူတို့လက်လွတ်နိုင်မှာ မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။
KIA ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေသည့် မိုးမောက် ခမရ ၄၃၇ တပ်စခန်းသည် ဗန်းမော်မြို့ကနေ ၇ မိုင် အကွာတွင်ရှိပြီး ဆယ်စုနှစ်တစ်စုကြာ အခိုင်အမာတည်ရှိနေသည့် စစ်ကောင်စီ၏ တပ်စခန်းကြီးတခုလည်း ဖြစ်သည်။
ယင်းအပြင် မိုးမောက်မြို့သည် ဗန်းမော် – လွယ်ဂျယ် ကားလမ်းမကြီးပေါ်တွင် တည်ရှိသည့် မြို့ဖြစ်ပြီး မြန်မာ – တရုတ်နယ်စပ် နှစ်နိုင်ငံကူးသန်းရောင်းဝယ်ရေးအတွက် အချက်အချာကျသော နေရာတစ်ခုလည်း ဖြစ်သည်။
KIA ပူးပေါင်းတပ်က မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို ပြီးခဲ့သည့် မေလအတွင်းက ပထမအကြိမ် တိုက်ပွဲ ဖော်ဆောင်တိုက်ခိုက်ခဲ့ပေမယ့် သိမ်းပိုက်နိုင်ခဲ့ခြင်း မရှိဘဲ ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်ဝန်းကျင်ကစ၍ တကျော့ပြန် တိုက်ပွဲဖော်ဆောင်လာခြင်းလည်းဖြစ်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်များက ပြောဆိုသည်။
KNG ပေးပို့သည်။