မိုးမောက်မြို့ ၅ မိုင်ဂိတ်နားရှိ နေအိမ်နှင့် ဘုရားကျောင်းထဲကို စစ်ကောင်စီတပ်ဝင်ရောက်ပြီး ရွှေ၊ ငွေများ ယူဆောင်သွားဟုဆို

By MPM 18 အောက်တိုဘာ, 2023 👁

ကချင်ပြည်နယ်၊ မိုးမောက်မြို့အဝင် ၅ မိုင်ဂိတ်နားရှိ နေအိမ်နဲ့ ဘုရားကျောင်းထဲကို စစ်ကောင်စီတပ်က ဝင်ရောက်လာပြီး ရွှေ၊ ငွေ အမြောက်အများ ယူဆောင်သွားသည့်အပြင် ဒေသခံတစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မိုးမောက်ဒေသခံတွေထံမှ သိရသည်။

အောက်တိုဘာ ၁၃ ရက်နေ့ ည ၁၀ နာရီဝန်းကျင်ခန့်တွင် မိုးမောက် လုံဂျာဘွမ် (LungJa Bum) တောင်ခြေ၌ နေရာယူ လှုပ်ရှားနေသည့် စစ်ကောင်စီတပ်မှ စစ်သား ၁၀ ဦးခန့်သည် ၅ မိုင်ဂိတ်နားက တိုက်အိမ်တစ်အိမ်ထဲကို ဝင်ရောက်ပြီး ရွှေ၊ငွေ ယူသွားတဲ့အပြင် အိမ်ရှင်ကိုလည်း ဖမ်းခေါ်သွားတယ်လို့ မိုးမောက်ဒေသခံများက ပြောဆိုသည်။

မိုးမောက်ဒေသခံ အမျိုးသမီးတစ်ဦးက “မိုးမောက်မြို့အဝင် ၅ မိုင်ဂိတ်နားက တိုက်အိမ်အမြင့်မှာ ဟုတ်တယ်၊ အဲ့ဒီအိမ်ကို ဓားမြဝင်တိုက်ပြီး ရွှေ၊ငွေတွေ ယူသွားတယ်။ ဆိုင်ကယ်တွေလည်း ယူသွားပြီး အိမ်ရှင်ကိုလည်း ဖမ်းခေါ်သွားတယ်။ အခု လွတ်ပြီလား မလွတ်သေးဘူးလား မသိဘူး။ လုံဂျာဘွမ်တောင်ခြေမှာ တပ်ချနေတဲ့ အဲ့ဒီစစ်တပ်အဖွဲ့တွေပဲ” လို့ ပြောပါသည်။

စစ်ကောင်စီတပ်သားများက ရွှေ၊ ငွေ ဘယ်လောက် ဓားမြတိုက် ယူဆောင်သွားတယ်ဆိုတာကိုတော့ အသေးစိတ် မသိရှိရသေးဘူးလို့ ၎င်းက ဆိုသည်။

ယင်းနောက် တစ်ဆက်တည်းပင် ၅ မိုင်ဂိတ်နားရှိ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်းထဲ ထပ်ဝင်ရောက်၍ ဘုရားကျောင်းထဲက အလှူငွေနှင့် ရွှေတချို့ကိုလည်း ခြိမ်းခြောက်ကာ ဓားမြဝင်တိုက်သွားတယ်လို့ မိုးမောက်ဒေသခံတစ်ဦးက အခုလို ပြောသည်။

“စစ်သားတွေ ဝတ်စုံအပြည့်နဲ့ ၁၀ ယောက်ကျော်ဟုတ်တယ်။ ဘုရားကျောင်းအလှူငွေ သိန်း ၁၀၀ နဲ့ ရွှေတွေလည်း ယူသွားတယ်။ သူတို့က NUG ကိုတိုင်မလား၊ ဘယ်သူ့ကို တိုင်မလဲ တိုင်လေဆိုပြီးခပြောဆို ခြိမ်းခြောက်သွားတာ” လို့ ၎င်းက ပြောသည်။

မိုးမောက်မြို့ထဲ ဓားမြဝင်တိုက်သည့် စစ်ကောင်စီတပ်ဖွဲ့တွေဟာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလကတည်းက လုံဂျာဘွမ်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး လုံဂျာဘွမ်တောင်ခြေ ဆုတောင်းတောင်နားထိ နေရာယူ တပ်စခန်းချနေတဲ့ တပ်ဖွဲ့ဝင်တွေဖြစ်ကြောင်း ဒေသခံများ‌ပြောဆိုမှုအရ သိရသည်။

KNG ပေးပို့သည်။