မိုးမောက်တွင် တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားနေ

By MPM 25 အောက်တိုဘာ, 2024 👁

ကချင်ပြည်နယ်၊ ဗန်းမော်နှင့် မိုးမောက်ကြား အောင်မြေကျေးရွာအနီး စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်အကြား တိုက်ပွဲပြင်းထန်နေသည်မှာ ၄ ရက်ခန့် ကြာမြင့်လာပြီဟု KIO ပြောဆိုသည်။

စစ်ကောင်စီတပ်များက အောက်တိုဘာ ၂၀ ရက်နေ့ကစတင်ပြီး ဗန်းမော်မြို့ဘက်ကနေ တင့်ကား ၄ စီးအပါဝင် စစ်အင်အားအလုံးအရင်းနှင့် ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် ၆ မိုင်နှင့် ၇ မိုင်ကုန်းနေရာတို့တွင် တိုက်ပွဲဖြစ်ပွားနေသည်ဟု KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။

“တိုက်ပွဲဖြစ်နေတာ သုံးရက်လောက်တော့ ရှိလာပြီ။ ဒီကနေ့အထိတော့ သေချာမသိရသေးဘူး။ အခုဖြစ်နေတဲ့ စစ်ရေးအခြေအနေက ၇ မိုင်ကုန်းဘက်ကို တင့်ကားတွေနဲ့ စစ်ကြောင်းပြန်ထိုးနေတာ။ ဒရုန်းလက်နက်ကြီးမျိုးစုံနဲ့ တိုက်ခိုက်နေတာ။ ဒါပေမယ့် ကျနော်တို့ဘက်က တန်ပြန်ခုခံတိုက်ခိုက်လိုက်တော့ ပြန်နောက်ဆုတ် သွားကြတယ်။ အပြန်အလှန် တိုက်ပွဲဖြစ်နေတဲ့သဘောပါ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စစ်ကောင်စီတပ်က တင့်ကား ၄ စီး အပါအဝင် ခြေလျင်စစ်ကြောင်းဖြင့် အင်အားအလုံးအရင်းသုံးပြီး KIA သိမ်းပိုက်ထားပြီဖြစ်သည့် မိုးမောက် ခမရ ၄၃၇ တပ်ရင်းရှိသည့်ဘက်ကို ဦးတည်ပြီးထိုးစစ်ဆင်နေကြောင်း သိရသည်။

ထို့ကြောင့် စစ်ကောင်စီတပ်နှင့် KIA တပ်အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းနှင့် ပစ်ခတ်တိုက်ခိုက်တာတွေ ရှိနေသည်ဟုလည်း ဗန်းမော်ကာကွယ်ရေးတပ်က ပြောသည်။

“လေကြောင်းကနေ ပစ်တာတွေလည်း ရှိနေတယ်။ ၇ မိုင်မှာ မဟုတ်ဘဲ ၆ မိုင် အထက်ဘက်မှာဖြစ်တယ်။ တပ်ဘက်က ဗျူဟာမှုးတစ်ယောက် ကျသွားတယ်လို့ ကြားရတယ်ပြောတယ်။ စစ်တပ်ဘက်က အထိနာလို့ ပြန်ဆုတ် ပြန်တက်လုပ်နေတယ်” ဟု ဗန်းမော်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

နှစ်ဖက်တပ် ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ဗျူဟာမှူးကျသွားသည်ဟု သတင်းများ ထွက်ပေါ်နေပေမယ့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက်နေ့တွင် KIA တပ်က သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်ဘက်က စစ်အင်အား ၄၀၀ ဝန်းကျင်ရှိသည့် စစ်ကြောင်းဖြင့် မိုးမောက်မြို့နယ်ဘက်ကို တန်ပြန် ထိုးစစ်ဆင်လာခြင်း ဖြစ်သည်။

ယင်းကြောင့် KIA တပ်ဘက်ကလည်း စစ်ကောင်စီစစ်ကြောင်း ထိုးစစ်ဆင်လို့မရရန် ဗန်းမော် – မိုးမောက် မြို့နယ်ကြားက အောင်မြေကျေးရွာတလျှောက်တွင် ပိတ်ဆို့တိုက်ခိုက်နေကြောင်း သိရသည်။

KNG ပေးပို့သည်။