မိုးမောက်တွင် စစ်ကောင်စီလေကြောင်းပစ်ခတ်မှုကြောင့် ကလေး ၃ ဦးအပါအဝင် မိသားစုဝင် ၇ ဦးလုံး သေဆုံး

By MPM 20 ဖေ‌ဖော်ဝါရီ, 2025 👁 2

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့တွင် စစ်ကောင်စီက လေယာဉ်နှင့်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၁၀ နှစ်အောက် ကလေးငယ် ၃ ဦး အပါအဝင် မိသားစုဝင် ၇ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့ နံနက် ၁ နာရီ ၄၀ မိနစ်ဝန်းကျင်တွင် စစ်ကောင်စီစစ်လေယာဉ်က ဒေါဖုန်းယန်မြို့၊ ဝက်ယင်းရွာနှင့် နန့်အီရွာတွင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ဘာကြောင့်အဲလို ဗုံးလာကြဲတာလဲတော့ မသိဘူး။ အဲဒီမှာက စစ်ရေးနဲ့ ပတ်သက်တာတွေ မရှိဘူး။ ပြည်သူတွေပဲ နေတဲ့နေရာ ဟုတ်တယ်။ တပ်စွဲထားတာတွေလည်း မရှိဘူး။ ကျွန်တော်မှတ်မှတ်ရရ ကြည့်လိုက်မိတဲ့ အချိန်က ဗုံးလာချတာက ၁ နာရီ ၄၉ မိနစ်လောက်ရှိနေပြီ” ဟု ဒေါ့ဖုန်းယန်ဒေသခံတစ်ဦးက ပြောသည်။

လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဝက်ယင်းကျေးရွာက အသက် ၃ နှစ်အရွယ် မကာလိယ၊ အသက် ၁၀ နှစ်အရွယ် မယွန်းမီမီဆားနှင့် အသက် ၉ နှစ်အရွယ် မောင်းအောင်လင်းထက်၊ အသက် ၅၃ နှစ်အရွယ် ဦးမောင်ဦး၊ အသက် ၅၆ နှစ်အရွယ် ဒေါ်အိုက်ဆော၊ အသက် ၂၅ နှစ်အရွယ် ဦးဆိုင်းလျန်း၊ အသက် ၂၂ နှစ်အရွယ် ဒေါ်ချယ်ရီထွေးတို့ မိသားစုဝင် ၇ ဦးလုံး သေဆုံးခဲ့ရပြီး နန့်အီရှမ်းရွာတွင် ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးထိ ရှိခဲ့သည်။

စစ်ကောင်စီတပ်က အပြစ်မဲ့အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်သည့်အပေါ် Kachin Human Rights Watch-KHRW က ပြင်းပြင်းထန်ထန်ရှုံချကြောင်း ထုတ်ပြန်ခဲ့သည်။

Human Rights Watch – KHRW ပြောရေးဆိုခွင့်ရှိသူ ကို Jacob က “ဒေါ့ဖုန်းယန် ကျေးရွာအုပ်စုမှာ စစ်ကောင်စီကနေပြီးတော့ လေယာဉ်ဗုံးကြဲတိုက်ခိုက်ပြီး အရပ်သား ၇ ဦး သေဆုံးသွားတဲ့အပေါ် ကျွန်တော်တို့ အဖွဲ့ကနေပြီးတော့ ပြင်းထန်စွာကန့်ကွက်ပါတယ်။ ခုလိုလုပ်တာကို နိုင်ငံရေး အဖြေထွက်လာစေမှာမဟုတ်ဘဲ ပြည်သူလူထုကို ညှင်းပန်းနှိပ်စက်နေတာ ဖြစ်တယ်လို့ မြင်မိပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီဝန်းကျင် မိုးမောက်မြို့နယ် ကုန်းလောရွာ KBC ခရစ်ယာန်ဘုရားကျောင်းရှိ စစ်ရှောင်စခန်းကို လေယာဉ်နှင့် ဗုံးကြဲပစ်ခတ်သွားတာကြောင့် ကလေးသူငယ် အပါအဝင် ၉ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၃၀ ဦးထက်မနည်း ရှိခဲ့သည်။

ယင်းအပြင် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၇ ရက်နေ့က လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက်စစ်ရှောင်စခန်းကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင် ၂၉ ဦး သေဆုံးခဲ့ပြီး ယင်းတို့ထဲတွင် အသက်မပြည့်သော ကလေး ၁၁ ဦး ပါဝင်ခဲ့သည်။

အလားတူ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့ ဖားကန့်၊ အနန့်ပါကျေးရွာကို စစ်ကောင်စီက လေယာဉ်နှင့် ဗုံးကြဲ တိုက်ခိုက်ရာ အရပ်သား ၈၀ ကျော် သေဆုံးခဲ့သည်။

စစ်အာဏာသိမ်း ၄ နှစ်တာ ကာလအတွင်း လေကြောင်းတိုက်ခိုက်မှု၊ တိုက်ပွဲဖြစ်ပွားမှုနှင့် လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် သေဆုံးသူ စုစုပေါင်း ၇,၇၅၇ ဦး အထိရှိခဲ့ရာ ကချင်ဒေသတွင် သေဆုံးသူ ၅၆၀ ဦး ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်သည် သေဆုံးမှုအများဆုံးဖြစ်သည်ဟု Myanmar Peace Monitor (MPM) ၏ မှတ်တမ်းအချက်အလက်များအရ သိရသည်။

KNG ပေးပို့သည်။